သရက် ဒီဇင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ၂၀၂၁-၂၀၂၂ ခုနှစ်၊ ပညာသင်နှစ် ကျောင်းအခြေပြု သန်ချဆေး တိုက်ကျွေးခြင်းများကို အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းခွဲတွင် ယမန်နေ့ နံနက် ၁၀ နာရီက ကျောင်းသား၊ ကျောင်းသူ (၃၄၂) ဦးအား သန်ချဆေး တိုက်ကျွေးခဲ့ကြောင်း သိရသည်။
အဆိုပါ သန်ချဆေးတိုက်ကျွေးခြင်း ဆောင်ရွက်ရာတွင် ခရိုင်ဆရာဝန်ကြီး ဒေါက်တာ ညွန့်ရွှေအောင် က ကျောင်းသား၊ ကျောင်းသူများအား သန်ချဆေးတိုက်ကျွေးရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများအား အချိန်မှန် သန်ချဆေး တိုက်ကျွေးခြင်းဖြင့် ခန္ဓာကိုယ်ကို ဖွံ့ဖြိုးစေပြီး ဉာဏ်ရည်ထက်မြက်စေရန်၊ ကျောင်းတွင် သွက်လက်ထက်မြက်စွာ စာသင်နိုင်ကြားစေရန်၊ အခြားရောဂါများ ဝင်ရောက် လာမှုကို ကြံ့ကြံ့ခိုင်နိုင်စေရန် တိုက်ကျွေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ကျောင်းသား(၁၅၉)ဦး၊ ကျောင်းသူ(၁၈၃)ဦး၊ စုစုပေါင်း(၃၄၂)ဦးတို့အား ခရိုင်ဆရာဝန်ကြီးနှင့် ကျန်းမာရေး ဝန်ထမ်းက သန်ချဆေးများ တိုက်ကျွေးပေးခဲ့ပြီး သရက်မြို့နယ် အတွင်းရှိ အခြေခံပညာ ကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူမျာအား ဒီဇင်ဘာ(၂၇)ရက်နေ့မှ (၂၉)ရက်နေ့ထိ သန်ချဆေးများ တိုက်ကျွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်ထက်(သရက်)