မကွေး၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 

မကွေး  ဒီဇင်ဘာ ၂၈

မကွေးတိုင်းဒေသကြီးအတွင်း၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ အောင်မြင်စွာကျင်းပ နိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန်ကတိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာန၊ မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာ ဝန်ကြီး ဦးစိုးပိုင်မြင့် တက်‌ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် တိုင်း‌ဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာ ဝန်ကြီးဦးစိုးပိုင်မြင့်က အဖွင့်အမှာစကား ပြောကြားရာတွင် လွတ်လပ်ရေးနေ့သည် မိမိတို့ မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများအတွက် အထွဋ်အမြတ်ထားရာ သမိုင်းဝင်နေ့တစ်နေ့ ဖြစ်သဖြင့် အားကစားပြိုင်ပွဲများအား ပျော်ရွှင်စွာ ကျင်းပလာခဲ့သော်လည်း ယခင်နှစ်များတွင် ကိုဗစ်-၁၉ကပ်ရောဂါကြောင့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပနိုင်ခြင်းမရှိကြောင်း၊ ယခုနှစ်တွင်မှု တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အားကစားပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများအ‌နေဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် စေလိုကြောင်း ပြောကြား သည်။

ထို့နောက် တိုင်း‌ဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ လွတ်လပ်ရေးနေ့ အားကစားပြိုင်ပွဲဝင်တွင် ထည့်သွင်းကျင်းပမည့် အားကစားပြိုင်ပွဲများ၊  အားကစားပြိုင်ပွဲများ ကျင်းပမည့်နေရာများနှင့် လုပ်ငန်းဆောင်ရွက်မှု ကိစ္စရပ်များအား ရှင်းလင်း ဆွေးနွေးခဲ့ပြီးနောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက် လာကြသူများက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစား ပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့်ပတ်သက်၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲကို ၂၀၂၂ခုနှစ်၊ ဇန်နဝါရီ(၁)ရက်နေ့မှ (၄)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ဖူဆယ်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ လွန်ဆွဲပွဲ၊ ဘောလီဘောပြိုင်ပွဲ၊ ထုတ်ဆီးထိုးပြိုင်ပွဲ၊ မီတာ(၁၀၀) ပြေးခုန်ပစ်ပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ ချောတိုင်တက် အစရှိသည့် အားကစားများအား  ထည့်သွင်း ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ကိုစည်သူ(မကွေး)