ဆင်ပေါင်ဝဲမြို့နယ်၊ ရွာပုလဲကျေးရွာ၌ မြေသားရေကန်တိုးချဲ့ပြုပြင်နေမှု အခြေအနေအား ကွင်းဆင်းစစ်ဆေး

ဆင်ပေါင်ဝဲ ဒီဇင်ဘာ ၂၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးဇော်မင်းဦးနှင့်အဖွဲ့သည် ယမန်နေ့က ရွာပုလဲကျေးရွာအုပ်စု၊ ရွာပုလဲ ကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ  ၂၀၂၁-၂၀၂၂ () ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုရန်ပုံငွေဖြင့် မြေသားရေကန် တိုးချဲ့ပြုပြင်နေမှု အခြေအနေအား မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးမှ သောက်သုံး ရေကန်အား သတ်မှတ်ဘဏ္ဍာနှစ်အတွင်း အချိန်မီပြီးစီးရေး ကြီးကြပ်ဆောင်ရွက်ရန်နှင့် မြေသားရေကန် ဆောင်ရွက်ပြီးစီးပါက ကျေးရွာသူ၊ ကျေးရွာသားများအနေဖြင့် ရေကန် မပျက်စီးစေရေးအတွက် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်သွားရန် လိုအပ်ကြောင်း မှာကြားခဲ့သည်။

အဆိုပါ သောက်သုံးရေကန် တိုးချဲ့ပြုပြင်နေမှု အခြေအနေမှာ ၅၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ပြီး သောက်သုံးရေကန် ပြီးစီးပါက ကျေးရွာအတွက် သောက်သုံးရေဖူလုံစွာ သုံးစွဲသွားနိုင်မည် ဖြစ်ကြောင်း သိရသည်။

နိုင်လင်း(မြို့နယ်ပြန်/ဆက်)