အုတ်တွင်းမြို့နယ်၌ ကိုဗစ်-၁၉ မျိုးကွဲဗီဇပြောင်း ရောဂါပိုးအိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ဆောင်ရွက်

အုတ်တွင်း ဒီဇင်ဘာ ၂၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲဗီဇပြောင်းရောဂါ ပိုးအိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းတွင် ရပ်ကွက်/ကျေးရွာများသို့ သုံးဘီး မော်တော်ယာဉ်ဖြင့် လိုက်လံအသိပေး နှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့အသိပညာပေး နှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံမှုကို အကြိမ်ပြည့် မပျက်မကွက် ခံယူပါ၊ ကိုဗစ်-၁၉ ရောဂါ ကိုမိမိကစ၍ ဆက်လက် ကာကွယ်ပါ၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေထိုင်ပါ၊ နှာချေ၊ ချောင်းဆိုးလျှင် တံတောင်ဆစ် ကွေးနှင့် အုပ်၍ဆိုးပါ၊ ပြတင်းတံခါးများ ဖွင့်ထားပါ၊ လက်ကိုဆပ်ပြာဖြင့် စက္ကန့်(၂၀) ကြာ ဆေးကြောပါ၊ တတ်နိုင်သမျှ မိမိနေအိမ်တွင် နေထိုင်ပါ၊ မဖြစ်မနေ အိမ်ပြင်ထွက်ပါက ပါးစပ်နှင့် နှာခေါင်းစည်း(Mask) တပ်ဆင်ပါ၊ လူစုလူဝေးရှောင်ပါ၊ သံသယလက္ခဏာ ခံစားရလျှင် ကျန်းမားရေးဌာနသို့ ချက်ချင်းဆက်သွယ်ပါ၊ စသည့်အချက်များကို ပြည်သူများအားလုံး ဆက်လက် လိုက်နာပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)