ကျိုက်လတ် ဒီဇင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု လျော့ကျစေရန်၊ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုး ကြိုတင်ကာကွယ်ရေး ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ပူးပေါင်းပါဝင်နိုင်ရေး အသိပညာပေး နှိုးဆော်ခြင်းများကို ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီ က မြို့မဈေးကြီးနှင့် ရပ်ကွက်များအတွင်း လှည့်လည် ကြေညာခဲ့ကြကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် ကျိုက်လတ်မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ယခုအချိန်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန် (Omicron) ရောဂါပိုးသည် ရက်ပိုင်းအတွင်း နိုင်ငံ အများအပြားတွင် ကူးစက်ပြန့်နှံ့မှု များပြားလာနေပြီ ဖြစ်သည့်အတွက် ကိုဗစ်-၁၉ ရောဂါ ထိထိ ရောက်ရောက် ကာကွယ်နိုင်ရန် မိမိနေအိမ်တွင်သာ နေထိုင်ကြရန်၊ အရေးကြီးကိစ္စကြောင့် ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်း Mask ကို စနစ်တကျတပ်ဆင်ရန်၊ ပြင်ပမှလာသော ဧည့်သည်များအား လက်မခံရန်၊ နှာခေါင်းစည်း မတပ်ဆင်ထားသူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်း မှ ရှောင်ကြဉ်ရန်၊ တစ်ခုခုကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာနှင့် စက္ကန့် ၂၀ ကြာအောင် စနစ်တကျ ဆေးရန်၊ မိမိတွင် ရောဂါပိုး ကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှု ခံယူကြပါရန်နှင့် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကို ထိထိရောက်ရောက် ကာကွယ်နိုင်ရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကိုလည်း မပျက်မကွက် ထိုးနှံကြပါရန် Hand Speaker များဖြင့် လိုက်လံနှိုးဆော် ကြေညာခဲ့ကြကြောင်း သိရသည်။
ဌေးဌေးလှိုင်