အမာ ဒီဇင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသော အသက်(၁၈)နှစ် အထက် ပြည်သူများအား ဒုတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် (၉)နာရီအချိန် က အမာမြို့၊ (၁)ရပ်ကွက်ရှိ တိလောကအောင်တော်မူသာသနာ့ဗိမာန်တော်ကြီးတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ယနေ့ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းကို ပထမအကြိမ်ထိုးနှံပြီးသော ပြည်သူ (၃၄၀)ဦးအား ထိုးနှံပေးသွားမည်ဖြစ်ပြီး ညနေပိုင်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများကို ကာကွယ် ဆေး(ပထမအကြိမ်) ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေး ဝန်ထမ်းများကထိုးနှံပေးနေမှုကို အမာမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များက စနစ်တကျဆေးထိုးနိုင်ရန် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
အမာ (ပြန်/ဆက်)