ရှားတောမြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ရေး ကယား၊ မြန်မာ နှစ်ဘာသာဖြင့် လှည့်လည်အသိပေးနှိုးဆော်

ရှားတော    ဒီဇင်ဘာ   ၂၈

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက်မှုမှ ကာကွယ်နိုင်ရန်နှင့် ညွှန်ကြားချက်များအား ပိုမိုသိရှိလိုက်နာနိုင်ရန်ရည်ရွယ်၍ ကယား၊ မြန်မာ နှစ်ဘာသာဖြင့် လှည့်လည်အသိပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ ညနေ (၄)နာရီအချိန်၌ အောင်ချမ်းသာရပ်ကွက်တွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ယခုအချိန်တွင် ကိုဗစ်-၁၉ ‌ရောဂါ မျိုးရိုးဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်အဖြစ် ရက်ပိုင်းအတွင်း နိုင်ငံအများ အပြားတွင် ကူးစက်ပျံ့နှံ့မှု ပိုမိုများပြား လာနေပြီဖြစ်ရာ ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ်အိုမီခရွန်ကို ဆက်လက်ကာကွယ် တားဆီးနိုင်ရေးအတွက် ရှားတောမြို့နယ်အတွင်း နေထိုင်ကြသော မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံးအိမ်တွင်း၌သာ နေထိုင်ကြရန်၊ မိမိအိမ်တွင် ပြင်ပမှလာသော ဧည့်သည်များလက်မခံပါရန်၊ လိုအပ်၍ ပြင်ပကိုထွက်ခွာသွားလာပါက ပါးစပ် နှာခေါင်းစည်းတို့ကို စနစ်တကျတပ်ဆင်ရန်၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးရောင်းဈေးဝယ်ခြင်းများ ရှောင်ကြဉ်ရန်၊ တစ်စုံတစ်ရာထိတွေ့ကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာနှင့် အနည်းဆုံးစက္ကန့်(၂၀)ကြာအောင် စနစ်တကျ ဆေးကြောရန်၊ လက်ကိုမကြာခဏ ဆေးကြောရန်၊ ပါးစပ် နှာခေါင်းစည်းများကို စနစ်တကျစွန့်ပစ်ရန်၊ မိမိတို့၌ ရောဂါပိုးကူးစက်ခံရ သည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူရန်နှင့် ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီမှ အသိပေး ညွှန်ကြားချက်များကို မိဘပြည်သူများအနေဖြင့် တိကျစွာလိုက်နာ ဆောင်ရွက်ကြရန်တို့ကို  လှည့်လည်အသိပေးနှိုးဆော်ခဲ့သည်။

ထွန်းအောင်