ပဲခူးတိုင်းဒေသကြီးအဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် အမျိုးသမီးကော်မတီ အစည်းအဝေး ကျင်းပ

ပဲခူး ဒီဇင်ဘာ ၂၈

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အောက်ထပ်အစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအဆင့် ကလေး သူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် အမျိုးသမီးကော်မတီ အစည်းအဝေး ကျင်းပခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ တိုင်းဒေသကြီး ကလေးသူငယ် အခွင့်အရေး များဆိုင်ရာကော်မတီနှင့် အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ ဦးအောင်မင်းက ယမန်နေ့အစည်းအဝေးသည် ကော်မတီနှစ်ရပ်ပေါင်း ၂၀၂၁-၂၀၂၂ခုနှစ် (၆)လ ဘဏ္ဍာရေးနှစ်အတွက် ပထမအကြိမ်ပြုလုပ်သည့် အစည်းအဝေးဖြစ်ကြောင်း၊ ကော်မတီအဖွဲ့ဝင်များအနေဖြင့် အကြံပြု ဆွေးနွေးပေးခြင်း၊ ရှေ့လုပ်ငန်းများ ဝိုင်းဝန်းချမှတ်ခြင်းများ ဆောင်ရွက်ပေးကြရန်နှင့် တိုင်းဒေသကြီးအတွင်းရှိ ကလေးသူငယ်နှင့် အမျိုးသမီးများ၏ အခွင့်အရေးများ အပြည့်အဝရရှိဖို့ ပူးပေါင်းညှိနှိုင်းဆွေးနွေးပေးကြရန် လိုအပ်ကြောင်း အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် အမျိုးသမီးကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်ပြုံးမှ ပဲခူးတိုင်းဒေသကြီး ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် တိုင်းဒေသကြီး အမျိုးသမီးကော်မတီ၏ လုပ်ငန်း ဆောင်ရွက်ချက်များကို power pointဖြင့် ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ကော်မတီဝင်များမှ ကလေးသူငယ်ကိစ္စရပ်များနှင့် အမျိုးသမီးကိစ္စရပ် များကို ဆွေးနွေးတင်ပြကြပြီး ရှေ့လုပ်ငန်းစဉ်များ ချမှတ်ကြသည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ တိုင်းဒေသကြီး ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ နှင့် အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ ဦးအောင်မင်းမှ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ဝဏ္ဏမောင်