ပဲခူး ဒီဇင်ဘာ ၂၇
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၁) အစည်းအဝေးအား ကျင်းပပြုလုပ် ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း စီးပွားရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်နိုင်ရေး ဘက်ပေါင်းစုံမှ ဖြည့်ဆည်း ဆောင်ရွက်ပေးနေသလို CMP ကဲ့သို့ အထည်ချုပ်လုပ်ငန်းများနှင့် လုပ်သားအင်အား များများ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေသည့် စက်ရုံများကို အဓိကထား ခွင့်ပြုပေးလျက်ရှိကြောင်း၊ လာရောက်ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းရှင်များအား ရသင့်ရထိုက်သည့် အခွင့်အရေးများ ခံစားရရှိနိုင်ရန်နှင့် ဥပဒေအရအကာအကွယ်ပေးရမည့် လုပ်ငန်းစဉ်များကိုလည်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ သို့မှသာ ရင်းနှီးမြှုပ်နှံသူများ ပိုမိုယုံကြည်စိတ်ချစွာ လာရောက်ရင်းနှီးမြှုပ်နှံ နိုင်မည်ဖြစ်ပြီး တိုင်းပြည်ဝင်ငွေနှင့် ဒေသတွင်း အလုပ်အကိုင် ပိုမိုများပြား လာနိုင်မည်ဖြစ်ကြောင်းနှင့် စက်မှုလုပ်ငန်းများအတွက် လိုအပ်သော လျှပ်စစ်၊ ရေ၊ လမ်းများ ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကိုကိုလတ်က လက်ပံတန်းမြို့နယ်အတွင်း တန်(၁၂၀)ကျ အဆင့်မြင့် ဆန်အမျိုးမျိုး ကြိတ်ခွဲထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းနှင့် ထွက်ရှိလာမည့် ဆန်နှင့်ဆန်ကွဲ(၁၀၀)ရာခိုင်နှုန်းအား ပြည်ပပို့ကုန်အဖြစ် ဆောင်ရွက်ခွင့်ပြုပေးရန် Royal Lucky Dragon Co., Ltd ၏ တင်ပြချက်အားလည်းကောင်း၊ Vicsong (Myanmar) Footwear Co., Ltd မှ ဖိနပ်ချုပ်လုပ်ငန်းအား ထပ်မံ၍ အမေရိကန်ဒေါ်လာ (၂)သန်း ရင်းနှီးမြှုပ်နှံမှုတိုးချဲ့ လုပ်ကိုင်ဆောင်ရွက်နိုင်ရေး ရှင်းလင်းတင်ပြခဲ့ရာ ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီ အဖွဲ့ဝင်များမှ အကြံပြုဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဥပဒေ လုပ်ထုံးလုပ်နည်း နှင့်အညီ လုပ်ငန်းဆောင်ရွက်ခွင့် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့မှ ဒီဇင်ဘာလအထိ နိုင်ငံခြားသား ရင်းနှီး မြှုပ်နှံမှုနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှမှု အမေရိကန်ဒေါ်လာ (၉၁.၁၃၉)သန်းနှင့် မြန်မာကျပ်ငွေ (၂၄၄၁.၈၂)သန်း ဝင်ရောက်ခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်း (၄၇၁၇)ဦး ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။
ဝဏ္ဏမောင်(တိုင်းဒေသကြီးပြန်/ဆက်)