စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် လယ်ယာသုံးစက်ကိရိယာ အခြေခံ မောင်းနှင်ထိန်းသိမ်းမှု သင်တန်း ဖွင့်ပွဲအခမ်းအနား တက်ရောက်ခြင်းနှင့် သိန်းမင်း ဝါကြိတ် စက်ရုံလည်ပတ်မှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

မုံရွာ ဒီဇင်ဘာ ၂၇

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လယ်ယာသုံးစက်ကိရိယာ အခြေခံမောင်းနှင် ထိန်းသိမ်းမှု သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း က တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး /ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ သင်တန်း နည်းပြများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကား ပြောကြားရာတွင် “စစ်ကိုင်းတိုင်း ဒေသကြီးမှာရှိတဲ့ တောင်သူများ၊ လယ်ယာလုပ်ငန်းမှာ ဆက်စပ်လုပ်ကိုင်နေတဲ့ ကျေးရွာနေပြည်သူများအတွက် လယ်ယာသုံးစက်ကိရိယာများကို ကိုယ်တိုင်မောင်နှင် ပြုပြင် ထိန်းသိမ်းနိုင်ဖို့ ရည်ရွယ်ဖွင့်လှစ်တဲ့ သင်တန်းဖြစ်ပါကြောင်း၊ ရည်ရွယ်ချက်ကောင်းနဲ့ ဖွင့်လှစ်တဲ့ သင်တန်းတစ်ခု တနည်းအားဖြင့် လယ်ယာ စိုက်ပျိုးရေးကဏ္ဍအတွက် အထူးအထောက်အကူပြုမဲ့သင်တန်းလို့ ဆိုရမှာဖြစ်ပါကြောင်း၊ သီးနှံများကို စိုက်ပျိုးထုတ်လုပ်ရာမှာ အချိန်မီ ထွန်ယက်နိုင်ဖို့၊ စိုက်ပျိုးနိုင်ဖို့၊ ရိတ်သမ်းနိုင်ဖို့ သမရိုးကျ ကျွဲ၊ နွား၊ လူများဖြင့် ဆောင်ရွက်ခြင်းထက် စက်ကိရိယာများကို သုံးစွဲ ဆောင်ရွက်ခြင်း က တောင်သူများအတွက် ပိုမိုအကျိုးများစေမှာ ဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းပြီးဆုံးတဲ့အခါမှာ မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိကျေးရွာ၊ မိမိမြို့နယ်၊ မိမိတိုင်းအတွက် သီးနှံစိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းတွေမှာအကျိုးပြုစေမှာ ဖြစ်ပါကြောင်း” ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက လယ်ယာသုံး စက်ကိရိယာ အခြေခံမောင်းနှင် ထိန်းသိမ်းမှု သင်တန်းနှင့် ပတ်သက်၍ ဖြည့်စွက် ရှင်းလင်းဆွေးနွေးပြီး တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှာ တိုင်းဒေသကြီး ဦးစီးမှူး ဦးကိုကိုက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိများက လယ်ယာသုံး စက်ကိရိယာ အခြေခံမောင်းနှင်ထိန်းသိမ်းမှု သင်တန်းသို့ တက်ရောက်လာကြသော သင်တန်း သားများအား ရင်းရင်းနှီးနှီး လိုက်လံနုတ်ဆက် အားပေးခဲ့ကြသည်။

အဆိုပါ လယ်ယာသုံးစက်ကိရိယာ အခြေခံမောင်းနှင် ထိန်းသိမ်းမှုသင်တန်းသို့ မုံရွာခရိုင်အတွင်းရှိ မုံရွာမြို့နယ်၊ ချောင်းဦးမြို့နယ်၊ ဘုတလင် မြို့နယ်၊ အရာတော်မြို့နယ်တို့မှ သင်တန်းသား (၃၀) ဦး တက်ရောက်ကြပြီး သင်တန်းတွင် တစ်လုံးထိုးအင်ဂျင် ပြုပြင်ထိန်းသိမ်းခြင်း၊ ထွန်စက်ကြီး အခြေခံမောင်းနှင်ထိန်းသိမ်းနည်း၊ ကောက်စိုက်စက် ပြုပြင်မောင်းနှင် ထိန်းသိမ်း နည်းများကို သင်တန်းချိန်(၇၀)ချိန်ဖြင့် ဒီဇင်ဘာလ (၂၇)ရက် နေ့မှ ၂၀၂၂-ခုနှစ်၊ ဇန်နဝါရီလ(၇) ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက လယ်ယာသုံး စက်ကိရိယာ အခြေခံမောင်းနှင်ထိန်းသိမ်းမှု သင်တန်းတွင် အသုံးပြုမည့် ထွန်စက်ကြီးများ၊ လက်တွန်းထွန်စက်များ၊ ရိတ်သိမ်းခြွေလှေ့စက်၊ ကောက်စိုက်စက်နှင့် သမန်းနိုးကိရိယာများ အား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ချမ်းမြသာစည်ရပ်ကွက်ရှိ သိန်းမင်းစက်မှုလုပ်ငန်းအဖွဲ့ ဝါကြိတ်စက်ရုံသို့ ရောက် ရှိရာ စက်ရုံတာဝန်ခံမှ ဝါကြိတ်ခွဲနေမှု၊ ဂွမ်းထုပ်နေမှုနှင့် အချောထည်စောင်များ ထုတ်လုပ်နေမှု တို့အား လှည့်လည် လိုက်လံရှင်းလင်းပြသပြီး ရှင်းလင်းဆောင်တွင် ဝါကြိတ်စက်ရုံ လည်ပတ် နေမှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြကာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ် (ပြန်/ဆက်)