ကောလင်း ဒီဇင်ဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ်နှင့် ဝန်းသိုမြို့နယ်အတွင်းရှိ ကျေးရွာများမှ တောင်သူအချို့သည် ဒေါင်းမြူးချောင်းကို အခြေခံ၍ သီးနှံမျိုးစုံ စိုက်ပျိုး လျက်ရှိရာ အက်စတာမေမြို့ပန်းသည် စိုက်ပျိုးသူများပြားသော်လည်း ယခင်နှစ်ထက် စျေးကောင်းရရှိကြောင်း သိရသည်။
မေမြို့ပန်းကို သီတင်းကျွတ်လဆန်းပိုင်းတွင် စိုက်ပျိုးပါတယ်။ မေမြို့ပန်းတွင် ကိုင်းကား၊ မောက်လုံး၊ ဖြူလုံး၊ ရိုးစိမ်းကျောက်နီ၊ ကြက်လည်ဆံ၊ ခိုပြာ၊ အက်စတာ စသည်မျိုးများ ရှိရာမှာ အက်စတာမျိုးကိုတာ နှစ်စဉ်စိုက်ပျိုးပါတယ်။ အက်စတာမျိုးက စိုက်ခင်ထဲ ပြောင်းရွှေ့စိုက်ပြီး တစ်လကြာလျှင် ခူဆွတ်နိုင်သဖြင့် အခြားမျိုးများထက် တစ်လစောပေါ၍ စျေးကောင်းရသဖြင့် နှစ်တိုင်း အက်စတာမေမြို့ပန်းကိုပဲ စိုက်ပျိုးခဲ့တာပါ။ ၀.၃၀ ဧက ခန့်စိုက်ကို အပင်ရေ တစ်သိန်းကျော်ဝင်ပြီး စစိုက်တုန်းကတော့ မေမြို့က မှာယူ စိုက်ပျိုးကြပြီး ယခုမှာတော့ မိမိကြိုက်နှစ်သက်ရာမျိုးများကို ကိုယ်တိုင်မျိုးယူ စိုက်ပျိုကြပါတယ်။ ကုန်ကျစရိတ်က မျိုးကိုတော့ ကိုယ်မျိုးကိုယ်စိုက်ပျိုးပြီး ထွန်ယက်ခ၊ မြေသြဇာ၊ မှိုသတ်ဆေး၊ ပိုးသတ်ဆေး၊ အလုပ်သမားခ ရောင်းရသည်အထိစုစုပေါင်း ကုန်ကျစရိတ် တစ်သိန်းခန့်သာ ကုန်ကျပါတယ်။ ယခင်နှစ်က ၁၀ စည်းထုပ် တစ်စည်းကို ၈၀၀ ကျပ်မှ ၁၀၀၀ ကျပ်အထိသာ ရောင်းချခဲ့ရပြီး ဒီနှစ်ကြတော့ စိုက်ပျိုးသူ များပြားသော်လည်း ၁၀စည်းထုတ် တစ်စည်းကို ၂၂၀၀ကျပ်စျေးရရှိပြီး နေ့စဉ် တစ်သိန်းကျော်ဖိုး ရောင်းချရသည့်အတွက် ၀.၃၀ဧကစိုက်ကို အမြတ်ငွေ ၁၀ သိန်းခန့်ရရှိမယ်လို့ ခန့်မှန်းထားကြောင်း ကျိုင်းခွင်ကျေးရွာမှ အက်စတာမေမြို့ပန်း စိုက်ပျိုးသူ တစ်ဦးက ပြောပြသည်။
"ကျွန်မကတော့ ပန်းမျိုးစုံးကို တစ်ဆင့်ပြန်ဝယ်၍ရောင်းတာပါ။ ဒီနှစ်က ယခင်နှစ်ကထက် မေမြို့ပန်းရောင်းကောင်းသည့်အတွက် စိုက်ပျိုးသည့် ခြံအရောက် သွားရောက်ဝယ်ယူပြီး အထက်ပိုင်း မိုးညင်း၊ မိုးကောင်း၊ ဟိုပင်၊ အင်းတော စသည့်မြို့များသို့ ကားများဖြင့် လူမလိုက်ဘဲ တင်ပို့ပေးရပါတယ်"ဟု တဆင့်ပြန်လည်ရောင်းချသူ မသူဇာဝင်းက ပြောပြသည်။
အဆိုပါကျေးရွာများတွင် မေမြို့ပန်းကို တောင်သူအများစုက စိုက်ပျိုးကြသော်လည်း တစ်ဦးလျှင် အများဆုံးအဖြစ် ဧကဝက်ခန့်ထိသာ စိုက်ပျိုးကြပြီး၊ တစ်မျိုးတည်း စိုက်ပျိုးခြင်းထက် သီးနှံမျိုးစုံကို မျှတစွာစိုက်ပျိုးခြင်းက ပိုမိုများပြီး၊ သီးနှံတစ်မျိုး စျေးမကောင်းပါက အခြားစျေးကွက်ကောင်းသော သီးနှံဖြင့် အကျိုးအမြတ်ပြန်လည်ရရှိရန် ရည်ရွယ်စိုက်ပျိုးကြခြင်း ဖြစ်ကြောင်း၊ မေမြို့ပန်းသည် အရင်းအနှီးအနည်းငယ်၊ မြေအကျယ်အဝန်း အနည်းငယ်၊ အချိန်အနည်းဖြင့် စိုက်ပျိုးနိုင်ပြီး စျေးကွက်ကောင်းပါ အမြတ်ငွေများများ ရရှိသောကြောင့် စီးပွားဖြစ် စိုက်ပျိုးနိုင်သော သီးနှံတစ်မျိုးဖြစ်ကြောင်း သိရသည်။
မြင့်ထွန်းမင်း(ကောလင်း)