ပွင့်ဖြူမြို့နယ် ဥယျာဉ်ကျစ်ကျေးရွာတွင် ဒေသခံပြည်သူများ သွားလာမှုအဆင်ပြေစေရေး ( VDP ) စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာတွင်းကွန်ကရစ်လမ်း အကောင်အထည် ဆောင်ရွက်

ပွင့်ဖြူ      ဒီဇင်ဘာ      ၂၇

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ် ၊ ‌ခြောက်လတာကာလအတွင်း ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည် ဆောင်ရွက်ပေးခြင်းကို စီမံကိန်းရန်ပုံငွေကျပ် သိန်း (၁၀၀)ဖြင့် ပွင့်ဖြူမြို့နယ် ဥယျာဉ်ကျစ် ကျေးရွာနေပြည်သူများ ရာသီမရွေး သွားလာနိုင်ရေးအတွက် ကျေးရွာတွင်းကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကျေးရွာတွင်း ကွန်ကရစ်လမ်းမှာ အရှည်ပေ ၇၄၀ ပေရှိပြီး ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ် ၊ ခြောက်လ ဘတ်ဂျတ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ( VDP ) စီမံကိန်းရန်ပုံငွေကျပ် သိန်း ( ၁၀၀ ) ၊ ပြည်သူလူထု ထည့်ဝင်ငွေကျပ် ( ၄၆ ဒသမ ၆၁ ) သန်းဖြင့် လမ်းအကျယ် ၁၂ ပေ ၊ ထု ၆ လက်မ ကွန်ကရစ်လမ်း အဖြစ် ကျေးရွာစီမံကိန်းလုပ်ငန်းကြီးကြပ်မှုကော်မတီက တာဝန်ယူ၍ ဆောင်ရွက် နေခြင်းဖြစ်ပြီး လုပ်ငန်းအရည် အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးအတွက် လိုအပ်သည့်နည်းပညာများကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အနီးကပ် ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ယခုအခါ ကျေးရွာတွင်းကွန်ကရစ်လမ်း အဆင့်မြှင့် တင်ခြင်းလုပ်ငန်းမှာ ၈၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ယင်း ကွန်ကရစ်လမ်း အဆင့်မြှင့်တင် ဆောင်ရွက်ပြီးစီးပါက ပွင့်ဖြူမြို့နယ် ဥယျာဉ်ကျစ်ကျေးရွာရှိ အိမ် ထောင်စု ၅၁၆ စုရှိ ဒေသခံပြည်သူများအတွက် ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်မည့်အပြင် လယ်ယာသီးနှံ ထွက်ကုန်များကိုလည်း အချိန်ကုန် လူပင်ပန်းသက်သာစွာဖြင့် သယ်ယူပို့ဆောင် ရောင်းချနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။

ရဲဝင်းနိုင် ( ညောင်ဦး )