ပြည်ကြီးမဏ္ဍိုင် ဒီဇင်ဘာ ၂၇
တနင်္သာရီတိုင်းဒေသကြီး ၊ ကော့သောင်းခရိုင် ၊ ပြည်ကြီးမဏ္ဍိုင်မြို့ အလယ်တန်းကျောင်းတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ကျောင်းတွင်းအားကစားပြိုင်ပွဲကို ယနေ့ နံနက် (၁၀)နာရီက စတင်၍ အ.လ.က ကျောင်းဝင်းအတွင်း ကျောင်းကော်မတီက ကျင်းပပြုလုပ်သည်။
အဆိုပါ ကျောင်းတွင်းအားကစားပြိုင်ပွဲကို ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းကော်မတီဝင်များ၏ ကြီးကြပ်မှုဖြင့် အားကစားနည်းပေါင်း(၃၀)ကျော်ကို မူလတန်း၊ အလယ်တန်းအဆင့်များ ခွဲခြားယှဉ်ပြိုင်စေမည်ဖြစ်ပြီး ယနေ့ဖွင့်ပွဲတွင် ကွမ်းသီးကောက်ပြိုင်ပွဲ၊ ဂုံနီအိတ်စွပ်ပြိုင်ပွဲ၊ အပ်နဖားထိုးပြိုင်ပွဲများကို ပျော်ရွှင်စွာ စတင်ယှဉ်ပြိုင်လျက်ရှိရာ ကျန်သည့် အားကစားနည်းများကို နောက်ရက်များတွင် ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ဆုရရှိသူများကို (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားတွင် ထိုက်တန်စွာ ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ကျောင်းကော်မတီဥက္ကဋ္ဌ ဦးလှဌေးထံမှ သိရသည်။
မျိုးလွင်(ပြန်/ဆက်)