ကြာအင်းဆိပ်ကြီးမြို့နယ်၌ ကွမ်းသီးများဈေးကောင်းရရှိ၍ ကွမ်းသီးခြံရှင်တောင်သူများ အဆင်ပြေ

ကြာအင်းဆိပ်ကြီး ဒီဇင်ဘာ ၂၇

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း၌  ကွမ်းသီးပင်များ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ဒေသခံတိုင်းရင်းသားပြည်သူများမှ ကွမ်းသီးပင်များကို တစ်ပိုင်တစ်နိုင်မှ စီးပွားဖြစ်စိုက်ပျိုးလျက်ရှိပြီး နှစ်စဉ်ကွမ်းသီးဈေးအတက်အကျပေါ် မူတည်၍ ကွမ်းသီးပေါ်ချိန်တွင် ပုံမှန်ဝင်ငွေများ ရရှိလျက်ရှိကြောင်း သိရသည်။

ကွမ်းသီးပင်များကို စတင်စိုက်ပျိုးချိန်မှ အပင်သက်တန်း(၅)နှစ်(၆)နှစ်ခန့်အကြာ ဇန်နဝါရီလ နှင့် ဖေဖော်ဝါရီလလောက်တွင် အပွင့်အသီးကင်းများ စတင်ထွက်ရှိပြီး ဇွန်၊ ဇူလိုင်လတွင် အသီးရင့်မှည့်ကာ  ခူးယူရောင်းချနိုင်ကြောင်း သိရသည်။ ကွမ်းသီးပင်တစ်ပင်လျှင် တစ်နှစ် လျှင် အနည်းဆုံးနှစ်ကြိမ်မှ သုံးကြိမ်အထိ အသီးသီးလေ့ရှိပြီး အသီးပေါ်ချိန်တွင် ကွမ်းသီး ဈေးနှုန်း အတက်အကျပေါ်မူတည်၍  ကွမ်းသီးပင်စိုက်ပျိုးတောင်သူများအနေဖြင့် ပုံမှန် ဝင်ငွေများရရှိပြီး ကွမ်းသီးပင်၏ ပျမ်းမျှသက်တမ်း(၃၅)နှစ်မှ နှစ်(၄၀)အတွင်း၌ ကွမ်းသီး များ ခူးယူရောင်းချခြင်းဖြင့် ကွမ်းသီးပင်စိုက်ပျိုးတောင်သူများအနေဖြင့် နှစ်စဉ် ပုံမှန်ဝင်ငွေ ရရှိ လျက်ရှိကြောင်း သိရသည်။ ကြာအင်းဆိပ်ကြီးမြို့နယ်၌ ယခုနှစ်တွင် ကွမ်းသီးတစ်လုံး လျှင် (၂၅)ကျပ်အထိ ဈေးနှုန်းရရှိပြီး ယခင်နှစ်ထက် ဈေးနှုန်းကောင်းမွန်စွာ ရရှိသောကြောင့် ကွမ်းသီးပင်စိုက်ပျိုးသူများ အနေဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရသည်။

မျိုးမင်းဦး