ကော့သောင်း ဒီဇင်ဘာ ၂၇
နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်းအကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံရပြီးပြန်လည်လွှတ်မြောက်လာသည့် မြန်မာနိုင်ငံသား ခလေးငယ်(၅)ဦးအပါအဝင် အမျိုးသား ၁၉၂ ဦး၊ အမျိုးသမီး၄၉ဦး၊ စုစုပေါင်း အလုပ်သမား (၂၄၁)ဦး ယနေ့ မွန်းလွဲပိုင်းက ထိုင်းနိုင်ငံရနောင်းမြို့မှတဆင့် မြန်မာနိုင်ငံကော့သောင်းမြို့၊ တာဝန်ရှိအဖွဲ့ အစည်းများထံသို့ ရေလမ်းခရီးမှ လာရောက်လွဲပြောင်း ပေးအပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ မြန်မာအလုပ်သမားများမှာ ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေသည့်ကာလတစ်လျောက် အကြောင်းအမျိုးမျိုးဖြင့် ထိုင်းနိုင်အတွင်းပိတ်မိနေသူများနှင့် အရေးယူခံနေခဲ့ရသူများဖြစ်ကာ ယခုကာလအတွင်း ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါပိုးတွေ့ရှိမှု ဖြစ်ပေါ်နေသဖြင့် ပြန်လည်ဝင်ရောက်လာသည့် အလုပ်သမားများကို ကော့သောင်းခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ၊ ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများက ကိုဗစ်၁၉ရောဂါ ကူးစက်မှုသံသယရှိသူများ ပါဝင်လာခြင်းရှိ မရှိ၊ မြန်မာနိုင်ငံသား မဟုတ်သူ များပါဝင်လာခြင်းရှိမရှိ၊မူးယစ်ဆေးဝါးသယ်ဆောင်လာခြင်းရှိမရှိ သတိပြုစစ်ဆေး လက်ခံခဲ့ပြီး အစားအသောက်၊ ကျန်းမာရေးနှင့် လိုအပ်သည့် ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးခဲ့ကြ သည်။
ပြန်လည်ဝင်ရောက်လာသူများမှ ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်များတွင် နေထိုင်သူများကို မော်တော်ယာဉ်များဖြင့် မိမိနေရပ်အသီးသီးသို့ ချက်ခြင်းပို့ဆောင်ပေးကာ မိမိတို့၏ နေရပ်များတွင်ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ထိန်းချုပ်နိုင်ရေး အသွားအလာကန့်သတ် စောင့်ကြည့်မှုခံယူ ကြရမည်ဖြစ်သည်။ ကော့သောင်းခရိုင်အတွင်း နေထိုင်သူများနှင့်အခြားပြည်နယ်နှင့် တိုင်းဒေသ ကြီးများတွင်နေထိုင်သူများကိုမှု ကော့သောင်းမြို့ရှိ Quarantine Center (၂)ခုတွင် အမျိုးသား အမျိုးသမီး သီးခြားခွဲခြားထားရှိအထူးကြပ်မတ်ကာ Facility Quarantine (၁၀)ရက် အသွားအလာ ကန့်သတ်ထားရှိစောင့်ကြည့်ပြီး ကိုဗစ်-၁၉ရောဂါပိုးစစ်ဆေး တွေ့ရှိခြင်း မရှိမှသာ မိမိတို့ နေအိမ် အသီးသီးသို့ ပြန်လည်ပို့ဆောင် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)