ပိုင်ကျုံမြို့ အမှတ်(၂)ရပ်ကွက်နှင့် ပညာပလီးကျေးရွာသို့ ဆက်သွယ်ထားသော မြေသားလမ်း (၂)မိုင်အား ကျောက်ခင်းလမ်းဖြင့် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းရာနှုန်းပြည့် ပြီးစီး

ပိုင်ကျုံ    ဒီဇင်ဘာ   ၂၇

ကရင်ပြည်နယ်၊နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ပြည်သူများ၏ လူနေမှုဘဝတိုးတက်မြင့်မားလာစေရေးနှင့် သွားလာရေးအဆင်ပြေစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ပိုင်ကျုံမြို့ အမှတ်(၂)ရပ်ကွက်နှင့် ပညာပလီးကျေးရွာသို့ ဆက်သွယ်ထားသော မြေသားလမ်း (၂)မိုင်အား ကျောက်ခင်းလမ်းဖြင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို နို၀င်ဘာလ ၂၃ရက်နေ့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ရာခိုင်ပြည့် ပြီးစီးပြီးဖြစ်ပါကြောင်း သိရသည်။

အဆိုပါလမ်းသည် ပိုင်ကျုံမြို့အမှတ်(၂)ရပ်ကွက်နှင့် ပညာပလီးကျေးရွာသို့ ဆက်သွယ်ထား သည့်လမ်းဖြစ်ပြီး အရှည် ၂မိုင်ရှိ မြေသားလမ်းအား ကျောက်ခင်းလမ်းဖြင့် အဆင့်မြှင့် တင်ခြင်းကို ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် ပထမ၆လပတ်အတွင်း ကရင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေး ခွင့်ပြုရန်ပုံငွေကျပ်(၂၇၃.၆၈၄)သန်းဖြင့် အကောင်အထည်‌ဖော် ဆောင်ရွက် လျက်‌ရှိကြောင်း၊ ယင်း‌ကျောက်လမ်းခင်းခြင်းကို ပူးနဂါးကုမ္ပဏီမှ တာ၀န်ယူဆောင်ရွက်ပြီး လုပ်ငန်းများ အချိန်မီပြီးနိုင်ရေးအတွက် ကရင်ပြည်နယ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာ၀န်ရှိသူတို့က အနီးကပ်ကြီးကြပ်မှုဖြင့် ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

လုပ်ငန်းများပြီးစီးခြင်းကြောင့် ပိုင်ကျုံမြို့အတွင်းရှိ ဒေသခံပြည်သူများ အနေဖြင့်ဥတု သုံးပါးစလုံး အဆင်ပြေလွယ်ကူစွာ သွားလာနိုင်သည့်အပြင် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပိုမိုလွယ်ကူ အဆင်‌ပြေလာပြီဖြစ်ကြောင်း သိရသည်။

ပိုင်ကျုံ (ပြန်/ဆက်)