ရွှေဘို ဒီဇင်ဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ မြင်ချင်ကျေးရွာတွင် မိုးစပါး တစ်ဧကထွက်နှုန်း တိုးတက်ရေးနှင့် မျိုးစေ့ထုတ် စိုက်ခင်း ဆောင်ရွက်ထားသည့် စိုက်ဧကများကို စံကွက်ရိတ်သိမ်းခြင်း လုပ်ငန်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း ရွှေဘိုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မှသိရသည်။
ထိုစံကွက် ရိတ်သိမ်းခြင်းကို မြင်ချင်ကျေးရွာရှိ တောင်သူ ဦးငချုံ ၏ ရွှေဘိုပေါ်ဆန်း စိုက်ဧကတွင် တစ်ထောင်ပုံ တစ်ပုံဖြစ်သည့် (၆) ပေ ပတ်လည် စံကွက်အရ အထွက်တင်း (အစို) နို့ဆီဘူး ပျမ်းမျှ (၁၄.၄၇ ဘူး ထွက်ရှိပြီး တစ်ဧက (၁၁၃.၀၅ ) တင်း ထွက်ရှိကြောင်းနှင့် တောင်သူ ဦးအောင်မြင့်နိုင်၏ ရွှေဘိုပေါ်ဆန်း စိုက်ဧကတွင် တစ်ထောင်ပုံ တစ်ပုံဖြစ်သည့် (၆) ပေ ပတ်လည် စံကွက်အရ အထွက်တင်း (အစို) နို့ဆီဘူး ပျမ်းမျှ (၁၄.၁၇) ဘူး ထွက်ရှိပြီး တစ်ဧက (၁၁၀.၇၀) တင်း ထွက်ရှိ ကြောင်းသိရသည်။
အဆိုပါ စံကွက် ရိတ်သိမ်းပွဲ သို့ စိုက်ပျိုးရေး မြို့နယ်ဦးစီးမှူး ဒေါ်ဇာဇာမင်းနှင့် ဝန်ထမ်းများ၊ လယ်ယာမြေစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ တောင်သူများ ပူးပေါင်းကာ စံကွက်ရိတ်သိမ်းခြင်း လုပ်ငန်းကို ပူးပေါင်းဆောင်ရွက်ခဲ့သည်။
ထွန်းမြင့်အောင်