ဘားအံ ဒီဇင်ဘာ ၂၇
ကရင်ပြည်နယ် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ( Community Centre)ခန်းမတွင် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မြို့နယ် အားကစား နှင့်ကာယ ပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို စစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဘားအံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက လူငယ်များ၏ စဉ်းစားတွေးခေါ်မှုနှင့် ဉာဏ်ရည်ဉာဏ်သွေးကို တိုးတက်စေခြင်း၊ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ခြင်းကို အထောက်အကူပြုစေရန်အတွက် ပြိုင်ပွဲကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ဘားအံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်နော်ဩသျှားဖောက ဆုရွေးချယ်မည့် စည်းမျဉ်းစည်းကမ်း များအား ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါစစ်တုရင်ပြိုင်ပွဲတွင် အသက်(၁၈)နှစ်အောက် ပြိုင်ပွဲဝင်အားကစား သမား (၁၄)ဦး ပါဝင်ယှဉ်ပြိုင်၍ ပြိုင်ပွဲကို ရှုံးထွက်စနစ်ဖြင့် ယှဉ်ပြိုင်ခဲ့ရာ ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆုနှင့် အတိုးတက်ဆုံးဆုများ ရရှိခဲ့သည့် အားကစားသမားများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ ကြောင်းသိရှိရသည်။
ခရိုင်(ပြန်/ဆက်)