ပုလော ဒီဇင်ဘာ ၂၇
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့နယ်၌ စက်ရုံ/အလုပ်ရုံ အခြေပြုမီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ခြင်း ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက် ခြင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်ကအမှတ်(၁) ရပ်ကွက် စိုပြေဆန်စက်ရုံ အတွင်း၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြို့နယ်မီးသတ် ဦးစီးအရာရှိ ဦးကျော်ဇင်ထိုက်က စက်ရုံ၊ အလုပ်ရုံ အတွင်း မီးလောင်မှု ဖြစ်ပေါ်စေတတ်သည့် အကြောင်းအရာများ၊မိမိတို့ အလုပ်ရုံတွင်သာမကနေအိမ်များ တွင်လည်း မီးလောင်မှုမဖြစ်ပေါ်စေရန် သတိပြုနေထိုင်ရမည့်အချက်များ၊ မီးလောင်မှု ဖြစ်ပေါ်လာပါက အရေးပေါ်မီးငြှိမ်းသတ်နည်းများကို အသိပညာပေးရှင်းလင်း ပြောကြားခဲ့သည်။
ယင်းနောက် မြို့နယ်မီးသတ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ခြင်းနှင့်ပတ်သက်၍ အရေးပေါ်မီးလောင်မှုဖြစ်ပေါ်လာပါက မီးသတ်ဆေးဗူးဖြင့် မီးငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဘူး မရရှိနိုင်သည့်အခါ ရေစိုအဝတ်ဖြင့် အောက်ဆီဂျင်ဖြတ်တောက်၍ မီးငြှိမ်းသတ်နည်းများ လက်တွေ့ပြသခြင်း ၊စက်ရုံအလုပ်သမားများကိုယ်တိုင်ပါဝင်ပြီး လက်တွေ့ မီးငြှိမ်းသတ် ခြင်းတို့ကို ဇာတ်တိုက် လေ့ကျင့်ခဲ့ကြောင်း သိရသည်။
အေးအေးမော် (ပုလော)