ငါးသိုင်းချောင်းမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)သို့ စာရေးကိရိယာများ လှူဒါန်း

ငါးသိုင်းချောင်း ဒီဇင်ဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနရုံး၌ လူထုအခြေပြုဗဟိုဌာန (Community Centre)၊ ပြည်သူ့စာကြည့်တိုက်နှင့် စာဖတ်ခန်း၊ ဘက်စုံသုံးခန်းမ၊ သင်တန်းခန်းမ၊ ကလေးစာဖတ်ခန်း၊ ကစားကွင်းများ ဖွင့်လှစ်၍ အများပြည်သူ အရွယ်သုံးပါးမရွေး အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတရှာမှီးရာနေရာအဖြစ် ဝင်ထွက်သွားလာ အသုံးပြုနိုင် ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ငါးသိုင်းချောင်းမြို့၊ မြို့သစ်ရပ်ကွက်ရှိ ရပ်ကွက်နေ ကျောင်းအကျိုးတော်ဆောင် အဖွဲ့က အဆိုပါ လူထုအခြေပြုဗဟိုဌာနရှိ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများ၏ ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲ များတွင် ဆုချီးမြှင့်ခြင်းနှင့် လက်ဆောင်ပစ္စည်း ပေးအပ်အသုံးပြုနိုင်ရန် စာရေးကိရိယာ၊ ဗလာစာအုပ် (၁၂)ဒါဇင်၊ ဘောလ်ပင် (၂)ဒါဇင် တို့ကို လာရောက်လှူဒါန်းခဲ့ရာ ငါးသိုင်းချောင်းမြို့ ပြန်/ဆက်ဦးစီးမှူး ဒေါ်နှင်းယုဝေနှင့် (Club) အသင်းအဖွဲ့ဝင်များက လက်ခံရယူ ခဲ့ကြောင်း သိရသည်။

အဆိုပါလှူဒါန်းရရှိထားသည့် စာရေးကိရိယာများကို ငါးသိုင်းချောင်းမြို့၊ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပသည့် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများ၊ ကလေးငယ်များ၏ ကာယ၊ ဉာဏ စွမ်းရည်တိုးတက်မြင့်မားရေး ဆိုင်ရာ ပြိုင်ပွဲများ၊ သင်တန်းများတွင် ဆုနှင့်လက်ဆောင်ပစ္စည်းအဖြစ် အကျိုး ရှိစွာ အသုံးချဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရသည်။

စိုးမင်းဦး