စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံသင်တန်း(အခမဲ့)ဖွင့်လှစ်

ကလေး ဩဂုတ် ၂၄

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှု ဝန်ထမ်းဦးစီးဌာနမှ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာ အခြေခံသင်တန်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က  အမှတ်(၁) သဇင်ရပ်ကွက်၊ နယ်မြေ (၈)လေဲပီးနှစ်ခြင်းခရစ်ယာန်အသင်းတော်ရှိ အစည်းအဝေး ခန်းမတွင် အခမဲ့ပို့ချခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ကလေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမြင့်မောင်မောင်က အဖွင့်အမှာစကား ပြောကြားရာတွင် “ ရှေးဦးအရွယ်ကလေးသူငယ်များရဲ့ အစော ဆုံးနှစ်များဟာ ဘဝအတွက်အရေးကြီးတဲ့ ကိုယ်ရည်ကိုယ် သွေးအတွက် အချိန်အခါကောင်းဖြစ်သည့် အတွက်  တက်ရောက်လာကြတဲ့ ဆရာ/ဆရာမတွေအနေနဲ့  ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင် ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံသင်တန်းကို အနှစ်သာရအပြည့်အဝရရှိစေရန်အတွက် ကြိုးစားအား ထုတ်သင်ယူကြပါ”ဟုတိုက်တွန်းပြောကြားသည်။ ထို့နောက် ကလေးခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ခင်မေဦးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

အဆိုပါသင်တန်းတွင် ကလေးသဘောသဘာဝ သင်ယူမှုအခြေခံအုတ်မြစ်၊ မိဘအသိပညာပေးခြင်း၊ ရှေးဦး သူနာပြုစု နည်း၊ ကျန်းမာရေးနှင့်အာဟာရ၊ CRC Law ၊ ECCD Policy ၊ကလေးဖွံ့ဖြိုးမှု၊ အစောပိုင်း ကာလစာတတ်မြောက်မှု၊ ပုံပြောနည်းလမ်းများ၊ လက်တွေ့ပုံပြောခြင်း၊ ပုံပြင်စာအုပ်ရေးသား နည်း အစရှိသည့် ရှေးဦးအရွယ်ကလေး သူငယ်များနှင့် ပတ်သက်သည့် အခြေခံသင်တန်းများကို ဩဂုတ်လ(၂၄)ရက်နေ့မှ စက်တင်ဘာလ (၁၆)ရက်နေ့အထိ သင်တန်း နည်းပြ (၅)ဦးတို့မှ တစ်ရက်လျှင် (၄)ဘာသာနှုန်းဖြင့် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ထန်းဖုန်(ပြန်/ဆက်)