ထန်းတပင်(ပဲခူး)၊ ဒီဇင်ဘာလ ၂၇
ပဲခူးတိုင်းဒေသကြီးတောင်ငူခရိုင် ထန်းတပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ ခုနှစ်(၆)လဘတ်ဂျက်တွင် ဆောင်ရွက်မည့် တင်ဒါအောင် ကုမ္မဏီများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ရှေးဦးစွာမြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးလှမြင့်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးဦးကျော်မျိုးအောင်က ကျေးရွာလုပ်ငန်း ကော်မတီဝင်များအား ကျေးလက်ရေပေးရေးနှင့် ကုန်ထုတ်လမ်း/တံတားလုပ်ငန်းများ သတ်မှတ်ချိန် အတွင်း အချိန်မီပြီးစီးရေးတို့ကို ညှိနှိုင်း ဆွေးနွေးခဲ့သည်။
၂၀၂၁-၂၀၂၂ ခုနှစ်ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် မဲဘလန်ကျေးရွာ အုပ်စုသရက်ပင်ကြီး ကျေးရွာတွင် ၄ လက်မ ၅၀၀ ပေတွင်းနက်တူးဖော်ခြင်းနှင့် ရေစက်ရုံဂါလံ(၂၀၀၀)ဆံ့ ရေကန် တည်ဆောက်ခြင်း၊ ငါးဆီးလှောင်ကျေးရွာတွင် ၄ လက်မ ၅၀၀ ပေ တွင်းနက်တူးဖော်ခြင်း ရေဂါလံ (၂၀၀၀)ဆံ့ ရေကန်တည်ဆောက်ခြင်းနှင့် ပိုက်လိုင်းသွယ်တန်းခြင်း (၁၆၀ ပေ) လုပ်ငန်းတို့ကို ဆောင်ရွက်မည်ဖြစ်ပြီး တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ကင်မွန်းချုံ-ပြောက်ကျား ကုန်ထုတ်လမ်းတွင် မြေ+ကျောက်ရောမြေ၊ မြေ (၀/၄ မိုင် × ၁၂ ပေ × ၁ ပေ ) + ကျောက်ရောမြေ (o/၄ မိုင် × ၁၂ ပေ × ၉ လက်မ) ဆောင်ရွက်ခြင်းနှင့် ကင်မွန်းချုံ-ပြောက်ကျား ကုန်ထုတ်လမ်းပေါ်ရှိတံတား BoX Culvert (၃)စင်း ၃ (၁၅ ပေ × ၄ ပေ-၉ လက်မ × ၄ ပေ - ၉ လက်မ) ရှိတံတားတို့ကို တည်ဆောက်ပေးသွားမည် ဖြစ်ကြောင်း မြို့နယ် ဦးစီးမှူးထံမှသိရသည်။
မြို့နယ်(ပြန်/ဆက်)