ပဲခူး ဒီဇင်ဘာ ၂၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါကာကွယ်နိုင်ရေး အသိပညာပေးရေးအတွက် ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့ နံနက်(၉:၀၀)နာရီအချိန်က ပဲခူးမြို့ပေါ်ရှိ ရပ်ကွက်များသို့ လှည့်လည်အသိပညာပေး နှိုးဆော်ကြေညာခဲ့ကြောင်း သိရသည်။
ထိုသို့ လှည့်လည်အသိပညာပေး နှိုးဆော်ရာတွင် လက်ရှိအခြေအနေ၌ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါသည် အလွန်ပြင်းထန်ပြီး မျိုးရိုးဗီဇပြောင်းလဲမှု အများဆုံးနှင့် စိုးရိမ်ရသည့် မျိုးကွဲသစ်ဖြစ်သည့်အတွက် ပဲခူးမြို့ပေါ်ရှိ မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး မိမိနေအိမ် အတွင်းမှာသာ နေထိုင်ကြရန်၊ လူစုလူဝေးကို ရှောင်ကြဉ်ကြရန်၊ မဖြစ်မနေအပြင်ထွက်ရပါက နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်သွားကြရန်၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာ နေထိုင်ကြရန်၊ ဖြစ်နိုင်ပါက အနည်းဆုံး(၆)ပေအကွာမှသာ နေထိုင်ပြောဆိုကြရန်၊ လက်တွင်ကပ်ပါလာ နိုင်သော ဗိုင်းရပ်စ်ပိုးကို ပျက်စီးစေရန်အတွက် လက်ကိုဆပ်ပြာနှင့် ရေအသုံးပြု၍ အနည်းဆုံး စက္ကန့်(၂၀)ကြာအောင် ဆေးကြောကြရန်၊ မိမိနေအိမ်တွင် ပြင်ပမှလာသော ဧည့်သည်များ လက်မခံပါရန်၊ မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်းမပြုရန်၊ လူစုလူဝေးပြုလုပ်ခြင်း သွားလာခြင်းရှောင်ကြရန်၊ မိမိတို့နေအိမ်များကို ပြတင်းတံခါးများဖွင့်ပြီး လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ရန် စသည့် လိုက်နာရမည့် အချက်များ၊ ရှောင်ကြဉ်ရမည့်အချက်များနှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန် ကြေညာထားရှိသည့် ညွှန်ကြားချက်များအား ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်စေရန် မြို့ပေါ်လူစည်ကား ရာနေရာများ၊ စျေးများနှင့် လမ်းဆုံလမ်းခွများတွင် အသိပေး နှိုးဆော်ကြေညာလျက်ရှိကြောင်း သိရှိရသည်။
(ခရိုင်ပြန်/ဆက်)