တောင်တွင်းကြီး၌ အလုပ်အကိုင်အခွင့်အလမ်းနှင့် အပိုဝင်ငွေရရှိစေရန် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းဆင်းပွဲကျင်းပ

တောင်တွင်းကြီး ဒီဇင်ဘာ ၂၇

ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုအပိုဝင်ငွေ တိုးပွားလာစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် တိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းပြီး အသက်မွေးဝမ်းကြောင်း အထောက်အကူပြု လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဆင်းပွဲကို ယမန်နေ့က ကုက္ကိုလှကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဆင်းပွဲတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန်က အမှာစကားပြောကြားခဲ့ပြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နုရွှေစင်က လူသုံးကုန်ထုတ်လုပ်မှုသင်တန်း ဖွင့်လှစ်သင်ကြား‌ပေးသည့်အတွက် သင်တန်းသားများရရှိမည့် အကျိုး‌ကျေးဇူးများကို ရှင်းလင်းပြောကြားကာ တာဝန်ရှိသူများမှ သင်တန်းဆင်း လက်မှတ်များကို သင်တန်းသား/သင်တန်းသူများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ သည်။

"ကျွန်မတို့ကို သင်တန်းနည်းပြ ဆရာမများမှ လူသုံးကုန်ပစ္စည်းများဖြစ်သည့် အဝတ်‌‌လျှော် ဆပ်ပြာဆီ၊ ပုဂံဆေးဆပ်ပြာဆီ၊‌ ရေချိုးဆပ်ပြာဆီ၊ သဘာဝခေါင်းလျှော်ရည်၊ Shampoo၊ မှန်ကြည်ဆေး၊ ရေမလိုလက်သန့်ဆေး၊ ဆပ်ပြာခရင်၊‌ ‌အောင်မဲညိုဆပ်ပြာခဲ၊ ရှား‌စောင်းဆပ်ပြာ၊‌ ကော်ဖီဆပ်ပြာ၊ ပျားရည်နနွင်းဆပ်ပြာ၊ ဆန်ဆပ်ပြာ၊ သစ်ခွဆပ်ပြာစသည့် ဆပ်ပြာ ပြုလုပ်နည်း အဆင့်ဆင့်တို့ကို စာတွေ့၊ လက်တွေ့ ကိုယ်တိုင်ထုတ်လုပ်နိုင်တဲ့အထိ သင်ကြားပေးတဲ့အတွက် မိသားစုအပိုဝင်များ ရရှိတော့မည်ဖြစ်၍ ဝမ်းသာပီတိဖြစ်ရပါတယ်ဟု" သင်တန်းသူတစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းသို့ ကုက္ကိုလှကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သင်တန်းသူ (၂၀)ဦး တက်ရောက်၍ သင်တန်းကာလမှာ (၅) ရက် ကြာဖွင့်လှစ် သင်ကြားပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)