ကျောက်တံခါးမြို့နယ် ရပ်ကွက်နှင့် ကျေးရွာများအတွင်း ကိုဗစ်-၁၉ ဗီဇ‌ပြောင်း အိုမီခရွန်ရောဂါ ကာကွယ်နိုင်ရေး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်

ကျောက်တံခါး ဒီဇင်ဘာ ၂၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်မှုများကို ကျယ်ကျယ်ပြန့်ပြန့် လိုက်လံဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ရပ်ကွက်နှင့် ကျေးရွာများအတွင်းရှိ လမ်းဆုံ လမ်းခွနေရာများတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အသိပညာပေး နှိုးဆော်ရာတွင် လက်ရှိအခြေနေ၌ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါသည် အလွန်ပြင်းထန်ပြီး မျိုးရိုးဗီဇပြောင်းလဲမှု အများဆုံးနှင့် စိုးရိမ်ရသည့် မျိုးကွဲသစ်ဖြစ်သည့် အတွက် ကျောက်တံခါးမြို့နယ်အတွင်း ဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အတွက် မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံးမိမိတို့၏ နေအိမ်အတွင်းမှာသာ နေထိုင်ကြ ပါရန်၊ လူစုလူဝေးကို ရှောင်ကြဉ်ကြရန် မဖြစ်မနေ အပြင်ထွက်ရပါက နှာခေါင်းစည်း Mask တပ်ဆင်သွားလာကြရန်၊ လက်ကိုမကြာခဏ ဆေးကြောသန့်စင်ရန်၊ အခြားသူများနှင့် အနည်းဆုံး ၆ ပေအကွာမှ ခပ်ခွာခွာနေကြပါရန်၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်းများ စကားပြောဆိုခြင်းများ ‌ရှောင်ကြဉ်ကြပါရန်၊ ပစ္စည်းတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် အနည်းဆုံးစက္ကန့် ၂၀ ကြာအောင် စနစ်တကျ လက်ဆေးပါ လက်ကိုဆေးကြောခြင်း မပြုဘဲ ပါးစပ် နှာခေါင်းနှင့် မျက်စေ့တို့ကို ပွတ်သပ်ကိုင်တွယ်ခြင်း ထိတွေ့ခြင်းများ မပြုလုပ်ရန်၊ လေဝင်လေထွက် မကောင်းသော အခန်းများကို ရှောင်ပါ မိမိတို့၏နေအိမ်များကို ပြူတင်းတံခါး များ ဖွင့်ထားပြီး လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ကြပါရန် စသည့်လိုက်နာရမည့် အချက်များ၊ ရှောင်ကြဉ်ရမည့် အချက်များနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာ ထားရှိသည့် ညွှန်ကြားချက်များအား ပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် အသံချဲ့စက် ဖြင့် လိုက်လံအသိပညာပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။

စန်းစန်း(ပြန်/ဆက်)