ဆင်ပေါင်ဝဲ ဒီဇင်ဘာ ၂၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲ မြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ ဘုရားငါးဆူ စေတီတော် မြတ်ကြီးတွင် (၃၃)ကြိမ်မြောက် အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က စတင်၍ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပြီး ဆင်ပေါင်ဝဲမြို့နယ်၊ ကျောက်မှော် ကျောင်းဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဓဇဘဒ္ဒန္တဓမ္မပီယ ဆရာတော်ထံမှ ရှစ်ပါးသီလခံယူ ဆောက်တည်ကြပြီး မြို့ပေါ်ရပ်ကွက်များမှ ဝတ်အသင်းအဖွဲ့များက ပဌာန်းသံဆန်း ကဗျာများကို ရွတ်ဖတ်ပူဇော်ကြသည်။
ထို့နောက် မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ဆက်လက်ကျင်းပရာ မဟာပဌာန်းကျမ်းတော် များအား သံဃာတော် အရှင်သူမြတ် ၃၄ ပါးတို့က ဒီဇင်ဘာလ ၂၈ ရက်နေ့ ထိ(၃)ရက်တိုင် အလှည့်ကျ ရွတ်ဖတ်ပူဇော်သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ အသံမစဲ မဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝတ်ရွတ် အသင်းများ၊ မြို့မိမြို့ဖများ၊ ဂေါပကအဖွဲ့ဝင်များ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
နိုင်လင်း(မြို့နယ်ပြန်/ဆက်)