ငဖဲ ဒီဇင်ဘာ ၂၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနနှင့် မြို့နယ်စိုက် ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ ငွေချည်-၉ ချည်မျှင်ရှည်ဝါ စံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၉ နာရီ ကဆင်ချည်တိုင်ကျေးရွာမှ တောင်သူ ဦးစောထွန်း၏ ကွင်းအမှတ်(၁၁၀၅-က) ဦးပိုင်အမှတ်(၆၆)၊ စိုက်ဧက(၂.၁၆)ဧကရှိ ဝါစိုက်ကွင်း၌ ရိတ်သိမ်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ငဖဲမြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်လင်းထွန်း က ဌာနအနေဖြင့် မိုးစပါးများနှင့် ချည်မျှင်ရှည်ဝါစိုက်ခင်းများ စံကွက် ရိတ်သိမ်းဆောင်ရွက်မှု အခြေအနေများနှင့်ပတ်သက်၍ တောင်သူများအား ရှင်းလင်း ပြောကြားသည်။
ထို့နောက် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်လင်းထွန်းနှင့် ကွင်းဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဇော်မင်းထွေးနှင့် ကွင်းဝန်ထမ်းများ ပူးပေါင်းကာ တောင်သူဦးစောထွန်း၏ ငွေချည်-၉ ချည်မျှင်ရှည်ဝါကောင်း ကိုယ်စားပြု စံကွက်ရိတ်သိမ်းရာ ဝါတစ်ဧကအထွက်နှုန်း (၅၀၅.၁၁) ပိသာ ထွက်ရှိသည်။
ငဖဲမြို့နယ်တွင် ယခုနှစ်မှာ ရွှေတောင်-၈နှင့် ငွေချည် -၉ ချည်မျှင် ရှည်ဝါစိုက်ဧက (၆၃၃)ဧက ရှိကြောင်း သိရသည်။
မယု (ငဖဲ)