အထက်မင်းလှ ဒီဇင်ဘာ ၂၇
မကွေးတိုင်းဒေသကြီး ၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများထိရောက်စွာအကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့မှ ယမန်နေ့နံနက်ပိုင်းက မင်းလှမြို့နယ်အတွင်းရှိ မီးလောင်ကုန်းကျေးရွာနှင့် ဘန့်ပြင်ကျေးရွာများတွင် ကျေးရွာနေဒေသခံ ပြည်သူများနှင့် တွေ့ဆုံ၍ အသိပေးရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က မင်းလှမြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများအပါအဝင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က လာရောက်အသိပေး ရှင်းလင်းဆွေးနွေးခြင်းဖြစ်ကြောင်း၊ ကျေးရွာနေပြည်သူများအနေဖြင့် မိမိတို့၏ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး၊နယ်မြေလုံခြုံရေး ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို သတ်မှတ်ဆေးထိုးအကြိမ်ရေ ပြည့်စွာ ထိုးနှံကြရန်နှင့်ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေးခဲ့သည်။
ယင်းနောက်မြို့နယ်ရဲတပ်ဖွဲ့၊ ကျန်းမာရေးဌာန၊ ပညာရေးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူ ရေးနှင့်ကုသရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့မှ ဌာနအလိုက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် ကျေးရွာနေပြည်သူများက သိလိုသည်များကို မေးမြန်းခဲ့ကြရာ တာန်ရှိသူများကပြန်လည်ဖြေကြားခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေသခံပြည်သူများအားဆေးကုသပေးခဲ့ရာ သွားနှင့်ခံတွင်းဆေးကုသခံယူသူ ၁၅ဦးနှင့်အထွေထွေရောဂါဆေးကုသခံယူသူ၁၀၀ဦးတို့အား ကျန်းမာရေးစစ်ဆေးပေးခဲ့ပြီး အခမဲ့ဆေးကုသပေးခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)