တောင်သူများအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုသည့် ချဉ်ပေါင်စိုက်ခင်း

မင်းဘူး    ဒီဇင်ဘာ    ၂၇

ချဉ်ပေါင်ပင်သည်  ရေရှိပါက တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်သော အပင်ဖြစ်သည်။ ကင်ပွန်းချဉ်၊ ဆူးပုတ်၊ ပန်းမုံလာများကဲ့သို့ ဈေးမကောင်းသော်လည်း အကြမ်းခံ၍ ပိုးမွှားကျရောက်မှုနည်းပြီး တောင်သူတွေအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုသော သီးနှံပင်တစ်မျိုး ဖြစ်သည်။

ရေအစိုဓာတ်ရှိပါက အလွယ်တကူ ပေါက်ရောက်နိုင်ပြီး စိုက်ပျိုးသည့်မြေ ကောင်းပါက ရှင်သန်ကြီးထွားမှုလည်း မြန်စေသည်။ မိုးတွင်းကာလများတွင် ပိုမိုဖြစ်ထွန်းပြီး မြေဩဇာလည်းကျွေး မြေဓာတ်လည်း ကောင်းပါက ခါးစောင်းလောက်အထိ ကြီးထွားနိုင်သော အပင်မျိုးဖြစ်သည်။ နွေရာသီတွင် အပင်ဖြစ်ထွန်းမှု နှေးကွေးပြီး တစ်တောင်လောက်သာ ကြီးထွားနိုင်သည်။

ချဉ်ပေါင်ပင် တစ်စည်းလျှင် ၁၀၀ ကျပ်သာရောင်းရသော်လည်း ရေသွင်း ရေဖျန်းထားသော စိုက်ခင်းထဲတွင် မျိုးစေ့များပက်ကျဲပြီး အခြားသီးနှံများကဲ့သို့ မြေဆွပေါင်းသင် ထွေထွေထူးထူး ဂရုစိုက်စရာ မလိုပေ။ " ကျွန်တော့် ဆူးပုတ် စိုက်ခင်းထဲမှာတော့ ပန်းမုံလာတွေ နုတ်သိမ်းပြီးလို့ လူလည်း တကူးတက ပင်ပန်းစရာမလိုပဲ စရိတ်စက သက်သာပြီး တစ်ဖက်တစ်လမ်းမှ ဝင်ငွေရနေတဲ့ ချဉ်ပေါင်ပင်များကိုသာ စိုက်ပျိုးထားပါတယ်'' ဟု မင်းဘူး(စကု)မြို့နယ် ကျောက်တန်းကျေးရွာမှ ဦးဟန်ဆင့်ကပြောပြသည်။

ဇေယျာထက် (မင်းဘူး)