(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုများအား ဝန်ကြီးချုပ် ကြည့်ရှုအားပေး

ပဲခူး     ဒီဇင်ဘာ ၂၆

ပဲခူးတက္ကသိုလ်ဝန်းအတွင်း၌ ဒီဇင်ဘာ ၂၄ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းပြုလုပ်ကြသည်။

အဆိုပါ သန့်ရှင်းရေးပြုလုပ်ရာသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများက တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ နှင့် ဌာနဆိုင်ရာများ စုပေါင်း၍ သန့်ရှင်းရေးပြုလုပ်နေမှုအား လိုက်လံကြည့်ရှု အားပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော် မြတ်ကြီးအား သွားရောက်ဖူးမြော်ကန်တော့ပြီး ရင်ပြင်ပတ်လည် ကျောက်ပြားပြန်လည်ခင်းနေမှု နှင့် ဘက်စုံပြုပြင်မွန်းမံနေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ပဲခူးတိုင်းဒေသကြီးတွင် ခရစ်စမတ်ရက်ကာလအကြိုအများပြည်သူ ရုံးပိတ်ရက်အတွင်း ဘုရား စေတီ ပုထိုးများ၊ ရှေးဟောင်းအဆောက်အဦများ၊ ပန်းခြံများအတွင်း ပြည်သူများ စိတ်အေးချမ်းသာ လုံခြုံစွာ အပန်းဖြေလျက်ရှိကြောင်း သိရသည်။

ဝဏ္ဏမောင်(ပြန်/ဆက်)