ဇွဲကပင်တောင်နှင့်ကြာအင်းတောင်ကြား ဘားအံမြို့ရှောင်လမ်း ဖောက်လုပ်နေမှုအခြေအနေများအား ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ကြည့်ရှုစစ်ဆေး

ဘားအံ ဒီဇင်ဘာ ၂၆

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးခင်ဇော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နံနက်ပိုင်းက ဇွဲကပင်တောင်နှင့် ကြာအင်းတောင်ကြား ဘားအံမြို့ရှောင်လမ်း ဖောက်လုပ်နေမှုအခြေအနေ များကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့ ရဲသာကျေးရွာအုပ်စု၊ မြို့ရှောင် လမ်းဖောက်လုပ်ရေး ရှင်းလင်းဆောင်သို့ ရောက်ရှိပြီး ဘားအံမြို့ရှောင်လမ်း၊ ( ၂ ဒသမ ၇၇၅ ကီလိုမီတာ-၅ ဒသမ ၁ ကီလိုမီတာ)အတွင်း လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား သွား ရောက်ကြည့်ရှုခဲ့ရာ ပြည်နယ်လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးနန်းမြင့်အောင်က မြေကြီးတာ ဘောင်ဖို့လုပ်ငန်းနှင့် ဖြတ်မြေ(ကျောက်တောင်မိုင်းခွဲခြင်း)လုပ်ငန်းများ ရာနှုန်းပြည့် နီးပါး ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းဆောင်၌ တင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇွဲကပင်တောင်နှင့်ကြာအင်းတောင်ကြား ရဲသာ ကျေးရွာအုပ်စု မှ လှာကဒေါင်ကျေးရွာအုပ်စုသို့ ဘားအံမြို့ရှောင်လမ်း ( ၂ ဒသမ ၇၇၅ ကီလိုမီတာ-၅ ဒသမ ၁ ကီလိုမီတာ)အတွင်း လမ်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို သွားရောက် ကြည့်ရှု့စစ်ဆေးရာ ပြည်နယ်လမ်းဦးစီးဌာနမှူး ဦးနန်းမြင့်‌ အောင်နှင့်တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မိုးများသည့် ဒေသဖြစ်သည့်အတွက် လမ်းရေရှည်တည်တံ့ကောင်းမွန်ရေးနှင့် ရေစီးရေလာ ကောင်းမွန်ရေး အတွက် ရေမြောင်းများ၊ မြေထိန်းနံရံများ စနစ်တကျထည့်သွင်းဆောင်ရွက်ပေးရန်၊ သတ်မှတ် စံချိန် စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးအောင်ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။

ဘားအံမြို့ရှောင်လမ်းသည် ၆ ဒသမ ၄ ကီလိုမီတာအရှည်ရှိပြီး ရဲသာကျေးရွာအုပ်စု၊ ကမော့ကစင် ကျေးရွာမှ လှာကဒေါင်ကျေးရွာ နဒုက္ခသုခံလမ်းထိ လမ်းပိုင်းကို အပိုင်း(၁) ဟူ၍လည်းကောင်း၊ ဘားအံမြို့အဝင် သံလွင်တံတား အဆင်း တြိဂံလမ်းဆုံမှ ကမော့ကစင်ကျေးရွာထိ လမ်းပိုင်းကို အပိုင်း(၂)ဟူ၍လည်းကောင်း အပိုင်း(၂)ပိုင်းခွဲ၍ ဆောင်ရွက်လျှက်ရှိပြီး တာဘောင်ဖို့ မြေသား လမ်းလုပ်ငန်းများ၊ ၂၄ ပေအကျယ် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းများ၊ ၁၈ ပေအကျယ် ကတ္တရာ ခင်းခြင်းလုပ်ငန်းနှင့် ၁၈ ပေအကျယ် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများပါဝင်ကြောင်း သိရသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကျော်-လှိုင်းပုံ-လှာကမြင်လမ်းပိုင်း အရှည် ၁ မိုင် ၃ ဖါလုံကို  ၂၄ ပေ အကျယ် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြင့်တင်ဆောင်ရွက်နိုင်ရေး သွား ရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လမင်းကျောင်းတိုက်ဆရာတော်အား သွားရောက်ဖူးမျှော် ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်နဝကမ္မအလှူတော်ငွေများ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဘားအံမြို့ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အားကစားကွင်း အဆင့်မြှင့် တင်ခြင်းလုပ်ငန်းများအနက် ပွဲကြည့်စင်တည်ဆောက်ခြင်းလုပ်ငန်းနှင့် Synthetic ပြေးလမ်း မီတာ ၄၀၀ ခင်းခြင်း လုပ်ငန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)