မင်းဘူးဈေးကွက်သို့ ခရမ်းချဉ်သီးအသစ်များ စတင်ဝင်ရောက်သော်လည်း ဈေးပြန်ကျခြင်းမရှိသေး

မင်းဘူး   ဒီဇင်ဘာ   ၂၆

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ရှိ ဈေးကွက်အတွင်း ခရမ်းချဉ်သီးအသစ်များ စတင်ဝင်ရောက် နေသော်လည်း ဈေးပြန်လည်ကျခြင်းမရှိသေးကြောင်း အမှတ် ( ၄ ) ပွဲရုံပိုင်ရှင် မလဲ့ထံမှ သိရသည်။

"ခရမ်းချဉ်က မီးဖိုချောင်သုံး စားစရာ ရောင်းကုန်အဖြစ်နဲ့ အဓိကရောင်းချရတာပါ။ စောစောပိုင်းက ခရမ်းချဉ်သီးဈေး ၉၀၀/၁၀၀၀ ကနေ ၂၀၀/၃၀၀ ကျပ်ဈေးအထိ ထိုးကျသွားတော့ စားသုံးသူတွေ အဆင်ပြေကြပေမဲ့  တောင်သူတွေ တော်တော် ဒုက္ခရောက်ခဲ့ရတယ်။ အခုနောက်ပိုင်း ခရမ်းချဉ်သီးများ ရှားပါးချိန်မှာတော့ ယခင်နှစ်ကဈေးအတိုင်း လက်လီဈေး တစ်ပိဿာ ၂၅၀၀ ကျပ်အထိ ပြန်တက်လာကာ အသစ်များ ပေါ်လာပြီး ဈေးကွက်အတွင်း ဝင်ရောက်လာသော်လည်း ခရမ်းချဉ်သီးဈေး ပြန်လည်ကျသွားခြင်း မရှိသေးပါဘူး" ဟု  စားသောက်ဆိုင်ပိုင်ရှင် ဦးထွန်းက ပြောသည်။

မင်းဘူးမြို့ ခရမ်းချဉ်သီးဈေးကွက်မှာ ဈေးအမျိုးမျိုးရှိပြီး ပွဲရုံဝယ်ဈေး၊ ပွဲရုံရောင်းဈေးနဲ့ ဈေးအတွင်း လက်လီရောင်းဈေးဟူ၍ သုံးမျိုးရှိသည်။  မိုးခရမ်းချဉ်တုံး၍ ဈေးမြင့်တက်လာပြီး ဆောင်းခရမ်းချဉ်ပေါ်ကာ အသစ်များ ဈေးကွက်အတွင်း ဝင်ရောက်လာသော်လည်း   ခရမ်းချဉ်သီးဈေး ကျသွားခြင်းမရှိဘဲ လက်ကားဈေး တစ်ပိဿာလျှင် ၂၂၀၀/၂၃၀၀ ကျပ်နှင့် လက်လီဈေး တစ်ပိဿာလျှင် ၂၅၀၀ ကျပ် ရောင်းချနေရကြောင်း မင်းဘူးဈေးအတွင်းရှိ ခရမ်းချဉ်သီး လက်လီရောင်းချသူများထံမှ သိရသည်။

"ဒီနှစ်က ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံဈေးတွေ တက်လိုက် ကျလိုက်နှင့် ဈေးမတည်မငြိမ် ဖြစ်နေပြီး အခုရက်ပိုင်း ခရမ်းချဉ်သီး လက်လီဈေး ၂၄၀၀/၂၅၀၀ ဈေးအထိ ပြန်တက်လာပြီး အခုအထိတော့ ဈေးပြန်မကျသေးဘူးဗျ လှိုင်လှိုင်ပေါ်ပြီး ဈေးကွက်အတွင်း လှိုင်လှိုင်ရောင်းချလာလျှင်တော့ ခရမ်းချဉ်သီးဈေး ပြန်ကျနိုင်တယ်"  ဟု  ပွဲစားကိုသာပေါက ဆိုပြန်သည်။

မင်းဘူးဈေးကွက်အနေနဲ့ ပေါ်စမို့ ခရမ်းချဉ်သီးများ အဝင်နည်းသော်လည်း တစ်နေ့လျှင် ပိဿာချိန် တစ်ထောင်ခန့် ဝင်ရောက်ကြောင်း မင်းဘူးမြို့ရှိ ပွဲရုံများမှ သိရသည်။

ဇေယျာထက် (မင်းဘူး)