ဘားအံ၌ ဒီဇင်ဘာလအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ဆောင်ရွက်

ဘားအံ ဒီဇင်ဘာ ၂၅

ကရင်ပြည်နယ် ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲနှင့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ စုပေါင်းဆောင်ရွက်ခြင်းကို  ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက် ၆ နာရီခန့်က ဘားအံမြို့ သီရိလမ်း၊ ဝန်ကြီးများအိမ်ရာရှေ့၌ စုရပ်ပြုလုပ်၍ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဦးသိန်းကိုကို၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဘားအံတက္ကသိုလ်နှင့် ဘားအံပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား၊ သင်တန်းသူ၊ ဆရာ၊ ဆရာမများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများ ပူးပေါင်းပါဝင်ဆင်နွဲခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်စုပေါင်းလမ်းလျှောက်ပွဲ ပါဝင်ဆင်နွဲသူများသည် စုရပ်ဖြစ်သော သီရိလမ်း ဝန်ကြီးများ အိမ်ယာရှေ့မှ နန်းလုံးကြိုင်လမ်း၊ သုခမိန်လမ်း၊ ဘားမဲတောင် သဘာဝဥယျာဉ်၊ အင်ကုန်းလမ်းမှတစ်ဆင့် သီရိလမ်း အတိုင်း ပျော်ရွှင်စွာ စုပေါင်းလမ်း လျှောက်ခဲ့ကြပြီး သီရိလမ်းမှတစ်ဆင့် သီရိကွင်းအတွင်းသို့ ပြန်လည် ဝင်ရောက် ခဲ့ကြကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ တစ်ဦးနှင့်တစ်ဦး ရှေ့၊ နောက်၊ ဘယ်၊ ညာ (၆)ပေအကွာ အနေအထားဖြင့် အကြောလျော့ လေ့ကျင့်ခန်းများ ဆောင်ရွက်၍ စုပေါင်းကိုယ်လက်ကြံခိုင်ရေး လေ့ကျင့်ခန်းအစီအစဉ် အတွဲအမှတ်(၁)နှင့် အမှတ်(၂) နှင့် Physical Fitness Dance တို့ကို စုပေါင်းဆောင်ရွက် ခဲ့ကြသည်။

အလားတူ အများပြည်သူ ကိုယ်လက်ကျန်းမာကြံ့ခိုင်ရေးအတွက် ဒီဇင်ဘာလအားကစား လှုပ်ရှားမှုအနေဖြင့် အများ ပြည်သူဆိုင်ရာနေရာ (Public Area) များတွင် တစ်ဦးတစ်ယောက်ချင်း အလိုက်သော်လည်းကောင်း၊ မိသားစုအလိုက် သော်လည်းကောင်း၊ အစုအဖွဲ့များ အလိုက်သော်လည်းကောင်း တစ်ကိုယ်ရေကိုယ်လက်လှုပ်ရှားမှု အစီအစဉ်များ ဆောင်ရွက်လျှက်ရှိသည်ကို မြင်တွေ့ရပြီး ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှု နှုန်းလျော့နည်း ကျဆင်းနေသော်လည်း ကာကွယ်၊ ထိန်းချုပ်သည့်အနေဖြင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာအားကစားလှုပ်ရှားမှု များကို ကိုဗစ်-၁၉ ဆိုင်ရာစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)