ပွင့်ဖြူ ဒီဇင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျွဲတံခါးကျေးရွာအုပ်စုရှိ ကျေးရွာ(၆)ရွာမှ အသက်(၆၀)နှစ် အထက် သက်ကြီးဘိုးဘွားများအား ဆောင်းရာသီကာလ နွေးထွေးစွာနေထိုင်နိုင်ရန်အတွက် ရည်ရွယ်၍ ဒီဇင်ဘာ ၂၅ ရက် ၊ ယနေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာ သာမဂ္ဂီသုခပရဟိတ လူမှုကူညီရေးအသင်းက ခြုံစောင်များ သွာရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ခြုံစောင်များ လှူဒါန်းပေးရာတွင် ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာ သာမဂ္ဂီ သုခပရဟိတ လူမှုကူညီရေးအသင်းမှ အဖွဲ့ခေါင်းဆောင် ဦးကျော်ဆန်း ဦးဆောင်သော ပရဟိတ အသင်းအဖွဲ့ဝင်များက ရပ်ဝေးရပ်နီးမှ စေတနာရှင်ပြည်သူများ၏ လှူဒါန်းမှုအစီအစဉ်ဖြင့် ခြုံစောင် များအား ပွင့်ဖြူမြို့နယ် ကျွဲတံခါးကျေးရွာမှ သက်ကြီးဘိုးဘွား ( ၁၅ ) ဦး၊ ရေယာဉ်ကျေးရွာမှ သက်ကြီး ဘိုးဘွား (၇) ဦး၊ ချောင်းဆုံကျေးရွာမှ သက်ကြီးဘိုးဘွား (၁၅) ဦး၊ မအူပင်ကျေးရွာမှ သက်ကြီးဘိုးဘွား (၇) ဦး၊ ပေပင်ကျေးရွာမှ သက်ကြီးဘိုးဘွား (၇) ဦး၊ စုစုပေါင်း အသက်(၆၀)နှစ်အထက် သက်ကြီး ဘိုးဘွား (၅၁) ဦးအား တန်ဖိုးငွေကျပ် ၁၅၀၀၀ ခန့်ရှိ ခြုံစောင်တစ်ထည်စီ အိမ်တိုင်ရာရောက် သွားရောက်လှူဒါန်းပေးခဲ့ကြောင်း အဆိုပါပရဟိတလူမှုကူညီရေးအသင်းမှ ဦးကျော်ဆန်း ထံမှ သိရသည်။
ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာ သာမဂ္ဂီသုခပရဟိတလူမှုကူညီရေးအသင်းအနေဖြင့် ရပ်ဝေး ရပ်နီးမှ စေတနာအလှူရှင်များ၏ လှူဒါန်းမှုအစီအစဉ်ဖြင့် မြို့နယ်အတွင်းရှိ အညာကျေးလက် ဒေသများမှ သက်ကြီးဘိုးဘွားများ သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ရေးအတွက် ယခုကဲ့သို့ ခြုံစောင်များ လှူဒါန်းပေးခြင်း အပြင် ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာပစ္စည်းများ ထောက်ပံ့လှူဒါန်းပေးခြင်း၊ နေထိုင်ရေးအခက်အခဲဖြစ်သည့် ဆင်းရဲနွမ်းပါး အိမ်ထောင်စုများအား နေအိမ်များ ပြုပြင်ဆောက်လုပ်လှူဒါန်းပေးခြင်းများကို စဉ်ဆက်မပြတ် ထောက်ပံ့လှူဒါန်းပေးနေကြောင်းလည်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)