ယူဆမိုဆိုကျေးရွာတွင် ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ

ဒီးမော့ဆို မတ် ၆

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကယားပြည်နယ်အစိုးရအဖွဲ့တို့၏ ပံ့ပိုးကူညီမှု၊ ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း၏ ရန်ပုံငွေထောက်ပံ့မှုဖြင့် စေတနာအဖွဲ့နှင့် ဒေသခံပြည်သူများ ပူးပေါင်းဆောက်လုပ်ခဲ့သော ကျောင်းဆောင်သစ်ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ဒီးမော့ဆိုမြို့နယ် ယူဆမိုဆိုကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲ၌ ကျင်းပသည်။

ကျောင်းဆောင်သစ်ဖွင့်ပွဲသို့ ကယားပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကို၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစဲရယ်သိန်းအောင်၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နိပွန်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ၊ ဆရာ/မများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကိုက နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ၏ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန် နိုင်ငံအခြေစိုက် နိုင်ငံတကာအစိုးရ မဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သော နိပွန်ဖောင်ဒေးရှင်း (စေတနာအဖွဲ့) မှ ကျောင်းဆောင်သစ် လိုအပ်သော နေရာများတွင် ယခုလို ကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်းပေးသည့်အတွက် များစွာကျေးဇူးတင်ရှိပါကြောင်း၊ ကျောင်းဆောင်သစ် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် တာဝန်ရှိသူများအားလုံး ဝိုင်းဝန်းထိန်းသိမ်း ​ပေးကြရန် ပြောကြားခဲ့သည်။

ဆက်လက်၍ နိပွန်ဖောင်ဒေးရှင်း (စေတနာအဖွဲ့) မှ စီမံကိန်းဒေသ ဒါရိုက်တာ ဒေါ်အေးအေးသန်း က ကျောင်းဆောက်လုပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ ကျောင်းဆောင်သစ်အား ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်သည်။

ထို့နောက် စီမံကိန်းဒေသ ဒါရိုက်တာက ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ် ၅၄ သိန်းကို ကျောင်း အကျိုးတော်ဆောင်အဖွဲ့ထံ လွှဲပြောင်းပေးအပ်ပြီး ကျောင်းအကျိုးတော်ဆောင်အဖွဲ့က ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

ဆက်လက်၍ ကျောင်းဆောင်သစ်အား ကယားပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကို၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ်၊ ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထူး၊ ပြည်နယ် ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးစောအယ်ဒိုဝါးနှင့် နိပွန်ဖောင်ဒေးရှင်း (စေတနာအဖွဲ့)မှ စီမံကိန်းဒေသ ဒါရိုက်တာ ဒေါ်အေးအေးသန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ဖွင့်ပွဲအထိမ်းအမှတ် သစ်ပင်များ စုပေါင်း စိုက်ပျိုးပေးကာ ကျောင်းဆောင်သစ်အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေး ကြသည်။

နိပွန်ဖောင်ဒေးရှင်း (စေတနာအဖွဲ့) သည် ကယားပြည်နယ်အတွင်း စာသင်ကျောင်းများ ဆောက်လုပ် လှူဒါန်းနိုင်ရန်အတွက် ၂၀၁၈ ခုနှစ် မေ ၂၅ ရက်တွင် "ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာသင်ကြားခြင်း (EPD)" စီမံကိန်းအမည် နားလည်မှု စာချွန်လွှာရေးခဲ့ပြီး စီမံကိန်း (၅)နှစ်တာ ကာလအတွင်း ပြည်နယ်အတွင်း စာသင်ကျောင်း ၂၀ ဆောင် ဆောက်လုပ်သွားမည်ဖြစ်ကာ ၂၀၁၈ ခုနှစ်တွင် စာသင်ကျောင်း နှစ်ဆောင်၊ ၂၀၁၉ ခုနှစ် တွင် စာသင်ကျောင်း ၅ ဆောင်၊ ၂၀၂၀ ခုနှစ်တွင် စာသင်ကျောင်း ၅ ဆောင် ဆက်လက် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း၊ ယခု ဆောက်လုပ်ပြီးစီးခဲ့သော ကျောင်းဆောင်သစ်သည် နိပွန်ဖောင်ဒေးရှင်း၏ ထောက်ပံ့ငွေကျပ် ၄၁၅၈၇၀၁၀ ဖြင့် အလျား ၉၀ ပေ၊ အနံ့ ၃၀ ပေ ရှိကြောင်း သိရသည်။

ရီရယ်(ဒီးမော့ဆို)