မြိတ် ဒီဇင်ဘာ ၂၅
အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘော်လီဘောမျိုးဆက်သစ် အားကစားသမားများ မွေးထုတ်ပေးနိုင်ရေးအတွက် မြိတ်ခရိုင် အားကစားနှင့် ကာယပညာကော်မတီမှ ကြီးမှူးဖွင့်လှစ်ခဲ့သည့် ဘော်လီဘောအားကစား နည်းပြဆရာ (ဆင့်ပွား) သင်တန်းဆင်းပွဲကို ယမန်နေ့ ညနေပိုင်းက ခရိုင် အားကစားခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ သင်တန်းတွင် ဘော်လီဘောသမိုင်း၊ အခြေခံကစားနည်းစနစ်များ၊ လူငယ်များအား လေ့ကျင့် ပေးခြင်း၊ ကစားသမားများ၏ တစ်ဦးချင်းလိုအပ်ချက်၊ ဘော်လီဘောကစားနည်းစနစ်များ၊ ကစားသမားများ လေ့ကျင့်မှုဆိုင်ရာ၊ ကစားနည်းအခြေခံများ ပေါင်းစပ်ခြင်း၊ ကစားနည်းဥပဒေများ ပို့ချခြင်း၊ ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းများ၊ သင်တန်းသား(နည်းပြ)များ အသင်းလိုက်ကစားခြင်း နှင့် ဒိုင်များအဖြစ် ဆောင်ရွက်ခြင်း စသည့်ဘာသာရပ်များကို ဒီဇင်ဘာ(၁၅)ရက်မှ (၂၄)ရက်အထိ စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ ၍ သင်တန်းကို အခြေခံပညာကျောင်းများမှ အားကစား ဆရာ/မများနှင့် ကစားသမား ဟောင်းများ စုစုပေါင်း (၂၃) ဦး တက်ရောက် ခဲ့ကြသည်။
သင်တန်းဆင်းပွဲတွင် မြိတ်ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကိုဇော်က သင်တန်းဆင်း အမှာစကားပြောကြားပြီး ဘော်လီဘောအားကစား နည်းပြ ဆရာ ဦးဝင်းကြူနှင့်အဖွဲ့အား အမှတ်တရဂုဏ်ပြုလက်ဆောင် ပေးအပ်ခဲ့ကြသည်။ ထိုနောက် သင်တန်းသားများအား မြိတ်ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကိုဇော်၊ ခရိုင်ပညာရေးမှူး ဦးဉာဏ်ထွန်းနှင့် တာဝန်ရှိသူများက သင်တန်းသားတစ်ဦးချင်း သင်တန်းဆင်း လက်မှတ်ပေးအပ် ချီးမြှင့်ခဲ့ကြပြီး သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)