ပွင့်ဖြူ ဒီဇင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုးစေရေးအတွက် ရည်ရွယ်၍ ဒီဇင်ဘာ ၂၅ ရက်၊ ယနေ့ နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့နယ်သရက်အုပ်ကျေးရွာအုပ်စုရှိ ကျေးရွာနေပြည်သူများကို ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း အခမဲ့ကွင်းဆင်း ပြုလုပ်ပေးခဲ့သည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း အခမဲ့ ကွင်းဆင်းပြုလုပ်ပေးခြင်းကို ၂၀၂၁ ခုနှစ်၊ မေလ (၃) ရက်နေ့က စတင်ပြီး သတ်မှတ်လျာထား ဦးရေပြည့်မီရေးအတွက် နေ့စဉ်ရုံးပိတ်ရက်မရှိ ရပ်ကွက်/ကျေးရွာများသို့ နယ်လှည့်ကွင်းဆင်းပြီး ပြုလုပ် ဆောင်ရွက်ပေးနေကြောင်း သိရကာယခုလတွင် သတ်မှတ်လျာထားဦးရေဖြစ်သည့် လူဦးရေ ၃၉၀၀ အထက်ကျော်လွန် ဆောင်ရွက် ပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးညွန့်ဝင်းထူးထံမှ သိရသည်။
ယနေ့နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စုရှိ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသော ကျေးရွာနေပြည်သူ များကို မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူးနှင့် ဝန်ထမ်းများအဖွဲ့က လူမှုဘဝဖွံ့ဖြိုးစေရေးအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း၏ အသုံးဝင်မှုနှင့်မပျောက်ပျက်အောင် ကိုင်တွယ် ထိန်းသိမ်းရမည့် နည်းလမ်းများကို အသိပညာပေး ဆွေးနွေးဟောပြော၍ တစ်ဦးချင်းအလိုက် အထောက် အထားများစိစစ်ကာ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ် ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း အခမဲ့ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြသည်။ ထို့အပြင် အိမ်ထောင်စု လူဦးရေစာရင်းတွင် မွေးတိုးစာရင်း ဖြည့်စွက်လိုသူများနှင့် သေစာရင်းပယ်ဖျက်လို သူများ ကိုလည်း ပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင်(ညောင်ဦး)