ချီဖွေမြို့ပေါ်ရပ်ကွက်များတွင် လျှပ်စစ်ဓာတ်အားလိုင်းကြိုး အသစ်လဲလှယ်ခြင်း၊ အသစ်တိုးချဲ့ တည်ဆောက်ခြင်း ၁၁ ကေဗွီ ဓာတ်အားလိုင်းနှင့် ၁၁/၀.၄ ကေဗွီ (၁၀၀ ကေဗွီအေ ထရန်စဖော်မာ) အသစ်တိုးချဲ့တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်

ချီဖွေ      သြဂုတ်    ၂၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့ပေါ်ရပ်ကွက်တွင် လျှပ်စစ်အန္တရာယ်မဖြစ်ပေါ်စေရေး၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု လျော့နည်းစေရေး၊ လျှပ်စစ်ဓာတ်အားလိုင်းကြိုး အသစ်လဲလှယ် ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ လျှပ်စစ်ဓာတ်အားလိုင်းကြိုးအသစ်လဲလှယ်ခြင်း လုပ်ငန်းကို ၂၀၁၉-၂၀၂၀ ပြည့်နှစ်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက် သည့် ချီဖွေမြို့ပေါ် ရပ်ကွက်ရှိ စံချိန်မမီ(၄၀၀)ဗို့ ဓာတ်အားလိုင်း (၂)မိုင် (Concrete Pole) အား   Insulated Cable 95 mm2 ဖြင့် အစားလဲလှယ်ခြင်း (ဖြုတ်သိမ်းခြင်းအပါ) လုပ်ငန်းကို Royal Mahogany ကုမ္ပဏီမှ လုပ်ငန်းတန်ဖိုး ကျပ်သန်း (၄၅.၆၀၀) သန်းဖြင့် တင်ဒါအောင်မြင်ပြီး ဆောင်ရွက်လျက်ရှိရာ  ဇူလိုင်လကုန်အထိ (၇၀) ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အလားတူ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေးနှင့် ဓာတ်အားသုံးစွဲသူများ ဗို့အား ပြည့်ပြည့်ဝဝ သုံးစွဲနိုင်စေရန် ရည်ရွယ်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ငွေလုံးငွေးရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်း (ကျပ်သန်း ၁၀၀ အောက်) ဖြစ်သော ချီဖွေမြို့နယ် မြို့ပေါ် ရပ်ကွက်ရှိ လိုအပ်သော အိမ်ထောင်စုများ လျှပ်စစ်ဓာတ်အား လုံလုံလောက်လောက်ရရှိစေရေးအတွက် (၁၁) ကေဗွီဓာတ်အားလိုင်း(၀.၅၆)မိုင် (AWOC 95 mm2)၊ ၁၁/၀.၄ ကေဗွီ(၁၀၀) ကေဗွီအေထရန်စဖော်မာ (၁)လုံးနှင့် (၄၀၀) ဗို့ ဓာတ်အားလိုင်း(၁.၅) မိုင် တိုးချဲ့တည်ဆောက်ခြင်း လုပ်ငန်းကို Htoo Kyaw Thet ကုမ္ပဏီမှ လုပ်ငန်းတန်ဖိုး ကျပ်သန်း(၄၃.၀၀၀) ဖြင့် တင်ဒါအောင်မြင်ခဲ့ပြီး ဆောင်ရွက်လျက်ရှိရာ  ဇူလိုင်လကုန် အထိ (၆၅) ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဓာတ်အားလိုင်း လဲလှယ်ခြင်း (ဖြုတ်သိမ်းခြင်း)၊ တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလအတွင်း လုပ်ငန်းပြီးစီးရေး စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိကြောင်း၊ လျှပ်စစ်ကြိုးအသစ်များ ပြောင်းလဲတပ်ဆင်ခြင်းအားဖြင့် ပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းရှင်းပြီး လျှပ်စစ် ဓာတ်အားကို ယခင်ထက် ပိုမို လုံလုံလောက်လောက် အသုံးပြုနိုင်မည် ဖြစ်ကြောင်း မြို့နယ်လျှပ်စစ် ဦးစီးမှူး ဦးထွန်းထွန်းနိုင်က ပြောကြားသည်။

နန်းမြင့်(မြို့နယ် ပြန်/ဆက်)