ပြည်မြို့တွင် ဆေးနှင့်ဆေးပစ္စည်းများဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိနှင့် ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ထားခြင်းရှိ/မရှိအခြေ အနေများစစ်‌ဆေး

ပြည် ဒီဇင်ဘာ ၂၅

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရှိ  ဆေးပစ္စည်းအရောင်းဆိုင်ကြီးများတွင် ဆေးနှင့်ဆေးပစ္စည်းများဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိနှင့် ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ထားခြင်းရှိ/မရှိအခြေအနေများစစ်‌ဆေးခြင်းကို မြို့နယ် ဈေးကွက်စောင့်ကြည့်ရေးအဖွဲ့မှ တာဝန်ရှိသူများက ဒီဇင်ဘာ၂၃ရက်နေ့မွန်းလဲပိုင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

 

ကွင်းဆင်းဆောင်ရွက်ရာတွင်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းရင်းဆေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်းပါဝင်သည့် ဈေးကွက်စောင့်ကြည့်ရေးအဖွဲ့က ဆေးဆိုင်များ၌ သတ်မှတ်ရက်ကျော်လွန်သော ဆေးပစ္စည်းများရောင်းချခြင်းရှိ/မရှိအခြေအနေနှင့် ဆေးနှင့်ဆေးပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး  ဝယ်ယူသုံးစွဲသူ ပြည်သူများဘေးကင်းလုံခြုံမှုရရှိစေရေးနှင့်  ဆေးပစ္စည်းများကိုသတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဈေးနှုန်းမှန်ကန်စွာ ရောင်းချဆောင်ရွက်ရန် ဆေးဆိုင် ပိုင်ရှင်များအား ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။

 

ပြည်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း အရေးကြီးကုန်စည်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ထားခြင်းများမရှိစေရေးတို့အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့ဖြင့် စဉ်ဆက်မပြတ် ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း အဆိုပါအဖွဲ့ တာဝန်ရှိသူများထံက သိရသည်။

ကိုဆက်