မင်းဘူး ဒီဇင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး မင်းဘူးဈေးကွက်တွင် ရေနံချောင်းနယ်ဘက်ရှိ ကျေးရွာများမှ တစ်ရက်လျှင် ကြက်သွန်နီ ပိဿာချိန် တစ်သိန်းခန့် လာရောက် ရောက်ရောင်းချလျက်ရှိကြောင်း မင်းဘူးမြို့ကြက်သွန်နီ ပွဲစားများထံမှ သိရသည်။
"ရေနံချောင်းနယ်ဘက်မှ ကျွန်တော်တို့ မင်းဘူးပွဲရုံကို လာရောင်းတဲ့ တောင်သူတွေဆို အရင်က လှောင်ကြက်သွန် ရှားပါးချိန် တူးဖော်ရောင်းချရပြီး တစ်ပိဿာ ကျပ် ၁၂၀၀/၁၃၀၀ ဝန်းကျင်ရောင်းရပေမဲ့ ယခု ကြက်သွန်နီဈေး အဆမတန်ကျသွားပြီး တစ်ပိဿာကို ၂၀၀/၂၅၀ ကျပ်ဆိုတော့ တောင်သူတွေ အရှုံးပေါ်တာပေါ့ဗျာ '' ဟု ကြက်သွန်နီအဝယ်တော် ဦးထွန်းကပြောသည်။ လက်ရှိကြက်သွန်နီ ဈေးကွက်မှာ တောင်သူတွေထဲက ငွေပေါ်လိုသူ တောင်သူများသာ ရောင်းချကြပြီး ဖုန်းဖြင့်မှာပါက အိမ်တိုင်ရာရောက် ပို့သူများလည်းရှိကြောင်း သိရသည်။
"ကျွန်တော်တို့ မင်းဘူးမြို့ ကြက်သွန်နီ ဈေးကွက်မှာ လက်လီတစ်ပိဿာ ကျပ် ၄၀၀ နဲ့ လက်ကားတစ် ပိဿာ ကျပ် ၂၅၀ သာရောင်းရပါတယ်။ အရင်နှစ်က ကြက်သွန်နီဈေး တစ်ပိဿာကို ကျပ် ၁၇၀၀/၁၈၀၀ ဈေးအထိရှိခဲ့ပေမဲ့ ယခု ကုန်စည်သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများလည်း လှိုင်လှိုင်မရှိတော့ပေမဲ့ ဈေးကွက်အတွင်း ဝယ်လိုအား သိသာစွာ ကျဆင်းနေသည့်အတွက် ပုံမှန်ဈေးအောက် ရောက်နေသည့် ပမာဏထက်များစွာ လျော့နည်းနေပြီး ကြက်သွန်နီ ဈေးနှုန်းများ အဆမတန် ကျဆင်းနေတာလည်း ဖြစ်ပါတယ် '' ဟု ပွဲရုံလုပ်ငန်း ရှင် ဦးသာပေါက ပြောသည်။
ကြက်သွန်နီဈေးကျဆင်းနေသော်လည်း မင်းဘူးမြို့ရှိ ပွဲရုံများသို့ မိုးကြက်သွန်နီအများအပြား ဝင်ရောက် လျက်ရှိကာ တစ်ပိဿာလျှင် ၂၅၀ ကျပ်သာ ရောင်းချရခြင်းကြောင့် စိုက်ပျိုးစရိတ် မကာမိကြောင်းလည်း လာရောက်ရောင်းချသည့် ကြက်သွန်နီစိုက် တောင်သူများက ပြောသည်။
ဇေယျာထက်(မင်းဘူး)