ခရစ္စမတ်အခါသမယတွင် ငြိမ်းချမ်းတည်ငြိမ်သာယာဝပြောခြင်းများနှင့်ပြီးပြည့်စုံကြပါစေကြောင်း ကရင်ပြည်နယ်ဝန်ကြီးချုပ်က ဘားအံမြို့ပေါ်ရှိ ခရစ်ယာန်အသင်းတော်(ဘုရားရှိခိုးကျောင်း)များသို့ သွားရောက်ဂါရဝပြုတွေ့ဆုံရာတွင်ပြောကြား

ဘားအံ ဒီဇင်ဘာ ၂၅

ကရင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော ခရစ်ယာန်ဘာသာဝင်များနှင့် ပြည်နယ်သူ၊ ပြည်နယ်သား များအားလုံး ခရစ္စမတ်အခါသမယတွင် ငြိမ်းချမ်းတည်ငြိမ်သာယာဝပြောခြင်းများနှင့် ပြီးပြည့်စုံကြပါစေကြောင်း ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက   ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့ပေါ်ရှိ ခရစ်ယာန် အသင်းတော် (ဘုရားရှိခိုးကျောင်း)များသို့ သွားရောက်ဂါရဝပြုတွေ့ဆုံရာ၌ ဆုတောင်းစကားပြောကြားသည်။

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဘားအံမြို့ပေါ်ရှိ ကရင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ကရင်နှစ်ခြင်းအသင်းတော်၊ သတ္တမနေ့ဥပုသ်အသင်းတော်၊ စိန့်ဖရန့်စစ်ဇေးဗီးယဲကက်သလစ်ဘုရားရှိခိုးကျောင်း၊ မြန်မာနိုင်ငံခရစ်ယာန်အသင်း တော်(အင်္ဂလီကန်)ဘားအံသာသနာပိုင်နယ် ရှင်ပေတရုကသီဒြယ်ဘုရားရှိခိုးကျောင်းနှင့် ကရင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် ပြည်ထောင်စု/သာယာကုန်းနှစ်ခြင်းအသင်းတော် များသို့ သွားရောက်ပြီး ခရစ်တော်မွေးနေ့တွင် ဂုဏ်တော် (ကျေးဇူးတော်)ကို ချီးမွမ်းသောအားဖြင့် သင်းအုပ်ဆရာ၊ ဂိုဏ်းအုပ်ဆရာတော်၊ နယ်စီးသာသနာပိုင်ကြီး၊ လက်ထောက်သင်းအုပ်ဆရာ၊ Father ၊ သင်းထောက်၊ အသင်းလူကြီး၊ အမျိုးသမီးခေါင်းဆောင်များအား ခရစ်ယာန် အသင်းတော် (ဘုရားရှိခိုးကျောင်း)များအလိုက် သီးခြားစီဂါရဝပြုတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံရေးဖြစ်စဉ် ပြောင်းလဲဖြစ်ပေါ်နေမှုအခြေအနေများ၊  ဒေသတွင်း တည်ငြိမ်းအေးချမ်းရေး၊ သာယာဝပြောရေးနှင့် ဖွံဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး မိမိတို့၏  ကိုးကွယ်ရာ၊ ယုံကြည်ရာကို ငြိမ်းချမ်းလွတ်လပ်စွာနှင့် စည်းလုံးညီညွှတ်စွာ အတူ တကွယှဉ်တွဲနေထိုင်ပြီး လုပ်ကိုင်ဆောင်ရွက်နိုင်ကြပါစေကြောင်း၊ ကရင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော ခရစ်ယာန်ဘာသာဝင်များနှင့် ပြည်နယ်သူ၊ ပြည်နယ်သားများအားလုံး ခရစ္စမတ်အခါသမယတွင် ငြိမ်းချမ်းတည်ငြိမ် သာယာဝပြောခြင်းများနှင့်ပြီးပြည့်စုံကြပါစေကြောင်း ဆုတောင်းစကားပြောကြားခဲ့ပြီး ခရစ်ယာန်အသင်းတော် (ဘုရားရှိခိုးကျောင်း) များ၏ သင်းအုပ်ဆရာ၊ ဂိုဏ်းအုပ်ဆရာတော်နှင့် နယ်စီးသာသနာပိုင်ကြီးတို့အား ခရစ္စမတ် အထိမ်းအမှတ် ဂါရဝလက်ဆောင်နှင့်အလှူငွေများပေးအပ်ခဲ့ရာ သင်းအုပ်ဆရာ၊ ဂိုဏ်းအုပ်ဆရာတော်နှင့် နယ်စီး သာသနာပိုင်ကြီးတို့ကလည်း ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များအား ခရစ္စမတ်အထိမ်းအမှတ်လက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့ကြသည်။

ထို့အတူ ဘားအံမြို့ပေါ်ရှိ ခရစ်ယာန်အသင်းတော် (ဘုရားရှိခိုးကျောင်း)များမှ သင်းအုပ်ဆရာ၊ ဂိုဏ်းအုပ် ဆရာ၊ နယ်စီးသာသနာပိုင်ကြီးတို့မှလည်း ခရစ္စမတ်ဆုမွန်ကောင်းစကားများပြောကြား၍ ဆုတောင်းမေတ္တာ ပို့သပေးခဲ့ကြကြောင်း သတင်းရရှိသည်။

 

စောမျိုးမင်းသိန်း