ကြို့ပင်ကောက် ဒီဇင်ဘာ ၂၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် မြို့နယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အရ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသော ပြေးခုန်ပစ် အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းက မီတာလေးရာ ပြည်သူ့အားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။
အားကစားပြိုင်ပွဲများကို မြို့နယ်အားကစားမှူး ဦးမြင့်နိုင်နှင့် ပညာရေးဌာန ကာယဆရာ၊ ဆရာမများက ဒိုင်များအဖြစ် ဦးဆောင်ကျင်းပခဲ့ရာ ပြေးခုန်ပစ်အားကစားနည်း ၁၂ မျိုးကို ထက်လယ်အဆင့် ကျောင်းသား၊ ကျောင်းသူ ၂၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ပြေးခုန်ပစ် အားကစားပြိုင်ပွဲတွင် ဆုရရှိခဲ့သော ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဌေး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်အားကစားမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက ဆုရကျောင်းသား၊ ကျောင်းသူများကို အားကစားပညာများ ဆက်လက် လေ့လာပြီး မြို့နယ်အဆင့်မှ တစ်ဆင့် နိုင်ငံတော်အဆင့်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး လေ့ကျင့် ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)