မကွေး ဒီဇင်ဘာ ၂၄
မကွေးမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရေးအတွက် Mask Campaign လှုပ်ရှားမှု အနေဖြင့် ယနေ့ နံနက်(၇)နာရီအချိန်က မကွေးမြို့နယ် ကန်သာဈေးနှင့် ရန်ပယ်ဈေးအတွင်းရှိ ဈေးရောင်း/ဈေးဝယ်ပြည်သူများအား နှာခေါင်းစည်း (Mask) အခုရေ (၁၀၀၀)ခန့် အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေရာတွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းနှင့် စီမံအုပ်ချုပ် ရေးအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်သူ၊ မြို့နယ် ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ရှေးဦးစွာ မကွေးမြို့ အ.ထ.က (၁)လမ်းပေါ်ရှိ လမ်းသွား/လမ်းလာနေ ပြည်သူများနှင့် ကန်သာဈေးအတွင်းရှိ ဈေးရောင်း/ ဈေးဝယ်ပြည်သူများအား နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ သည် မကွေးမြို့နယ် ရန်ပယ်ဈေးအတွင်းရှိ ဈေးရောင်း/ဈေးဝယ်ပြည်သူများအား နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေကာ ကိုဗစ်ဗီဇပြောင်း မျိုးကွဲသစ် Omicron(အိုမီခရွန်) သည် မူလ ကိုဗစ်-၁၉ ရောဂါနှင့် မတူခြင်း၊ လက်ရှိ ကာကွယ်ဆေးများ၏ ထိရောက်မှု လျော့ကျနိုင်ခြင်း၊ ယခင်ကိုဗစ်-၁၉ ရောဂါ ဖြစ်ဖူးသူများလည်း ထပ်မံဖြစ်ပွားနိုင်ခြင်းနှင့် ရောဂါကူးစက်မှု ပိုမို မြန်ဆန်ခြင်းတို့ကြောင့် ကျန်းမားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများအား လိုက်နာဆောင်ရွက်ရေး အသိပညာပေးခဲ့ကြောင်း သိရသည်။
ကိုစည်သူ(မကွေး)