ဝန်းသို ဒီဇင်ဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ပန်းညိုကျေးရွာတွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း စီမံကိန်းရန်ပုံငွေဖြင့် မြေနီကျောက်စရစ်ခင်းခြင်း လုပ်ငန်းကို ဆောင်ရွက်လျက် ရှိရာ လက်ရှိအချိန်တွင် လုပ်ငန်းအားလုံး၏ (၅၀) ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့်တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးချက်အရ သိရသည်။
"ကျနော်တို့ပန်းညိုကျေးရွာက စျေးသစ်-နောင်ကွင်း-သင်တော-စကားနီ စတဲ့ကျေးရွာချင်းဆက် လမ်းပေါ်မှာတည်ရှိပြီးတော့ လမ်းကကျေးရွာရဲ့အလယ်ကို ဖြတ်သန်းဖောက်လုပ်ထားခြင်း ဖြစ်ပါတယ်၊ ရွာတွင်းလမ်းက ကျယ်ကျယ်ဝန်းဝန်းမရှိဘူး၊ လမ်းကြိုလမ်းကြား လူသွားလမ်းလေးတွေပဲရှိတယ်၊ အခု VDP စီမံကိန်းရန်ပုံငွေနဲ့ လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်လိုက်တော့ ကားမောင်းလို့ရပြီ ၊ ကျယ်ကျယ် ဝန်းဝန်းနဲ့ ရွာလမ်းလည်း သာယာသွားတာပေါ့ဗျာ" ဟု ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်တစ်ဦးက ပြော သည်။
အဆိုပါ ကျေးရွာတွင်း လမ်းအရှည်ပေ ၃၀၀၀၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မ ရှိ မြေနီကျောက် စရစ်ခင်းခြင်းလုပ်ငန်းကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခု (၆)လ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းရန်ပုံငွေကျပ် (၁၀)သန်းနှင့် ပြည်သူလူ ထုထည့်ဝင်ငွေ ကျပ်(၀.၆)သန်း အကုန်အကျခံဆောင်ရွက်နေခြင်းဖြစ်ပြီး လုပ်ငန်းအားလုံး ဆောင်ရွက်ပြီးစီးပါက အိမ်ခြေ(၅၅)အိမ်၊ လူဦးရေ (၂၆၃) ဦးတို့အတွက် ကျန်းမာရေး၊ ပညာရေးနှင့် စီးပွားရေးကဏ္ဍများအပြင် လမ်းပန်းဆက်သွယ်ရေးတို့တွင် များစွားအကျိုးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန် /ဆက်)