ပွင့်ဖြူမြို့၌ အောက်ဆီဂျင်စက်ရုံ ဖွင့်ပွဲအခမ်းအနား မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်ဖွင့်လှစ်

ပွင့်ဖြူ ဒီဇင်ဘာ ၂၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ထောက်ပံ့မှုဖြင့် ‌အကောင်အထည်ဖော် တည်ဆောက်ပြီးစီးသည့် အောက်ဆီဂျင်စက်ရုံဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲက ပွင့်ဖြူမြို့၊ သက်တော်ရှည်ရပ်ကွက် စကားဝါလမ်းနှင့် အင်ကြင်း လမ်းထောင့်ရှိ အောက်ဆီဂျင်စက်ရုံဝန်း၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင့်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများက တည်ဆောက်ပြီးစီးသည့် အောက်ဆီဂျင်စက်ရုံအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြပြီး ဝန်ကြီးချုပ်က အောက်ဆီဂျင်စက် Controller  အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တည်ဆောက်ပြီးစီးသည့် အောက်ဆီဂျင်စက်ရုံအား လှည့် လည် ကြည့်ရှုစစ်ဆေးပြီး အောက်ဆီဂျင်ထုတ်လုပ်နေမှုများနှင့် ပတ်သက်ပြီး စနစ်တကျ ထုတ်လုပ် ဖြန့်ဖြူးရေး၊ စက်ရုံရေရှည်တည်တံ့ ကောင်းမွန်ရေးအတွက် မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများ ဝိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်သွားကြရန် ဆွေးနွေးမှာကြားခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးသည့် အောက်ဆီဂျင်စက်ရုံမှာ 30Nm3/h အမျိုးအစားဖြစ်ပြီး စက်တန်ဖိုးအနေဖြင့် ငွေကျပ်သိန်း ၉၀၀ ကျော်ရှိကြောင်း၊ တစ်ရက်လျှင် ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး အလုံးရေ ၁၂၀ အထိ လည်ပတ်ထုတ်လုပ်နိုင်ကြောင်း ပွင့်ဖြူမြို့ အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဝမ်းထံမှ သိရသည်။    

ရဲဝင်းနိုင် (ညောင်ဦး)