မြိတ်မြို့တွင် ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည့် ကျန်းမာ‌ရေးဝန်ထမ်းများအား ဂုဏ်ပြုထောက်ပံ့ 

မြိတ် ဒီဇင်ဘာ ၂၄

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကိုဗစ်ရောဂါ ကာကွယ်ဆေး ထိုးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည့် ကျန်းမာ‌ရေးဝန်ထမ်းများအား ဂုဏ်ပြုသည့် အနေဖြင့် မြိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဂုဏ်ပြုထောက်ပံ့ငွေများကို ယနေ့ ညနေပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျွန်းရတနာခန်းမတွင် ပေးအပ်ခဲ့သည်။

မြိတ်မြို့နယ်တွင် ကိုဗစ်ရောဂါ ကာကွယ်ဆေးကို အသက်(၆၅)နှစ် အထက်များမှ စတင်ကာ သံဃာတော်များ၊ သီလရှင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတအဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ လူမျိုးဘာသာမရွေး ပြည်သူ လူထုများအား ဦးစားပေးအစီအစဉ်ဖြင့် ကာကွယ်ဆေးများ စဉ်ဆက်မပြတ် ထိုးနှံပေးခဲ့ရာ ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသူ စုစုပေါင်း(၁၀၁၄၉၀)ဦး ရှိပြီဖြစ်ကာ ကာကွယ်ဆေး တစ်ကြိမ်ထိုးပြီးသူ စုစုပေါင်း (၃၆၄၈၃)ဦးရှိပြီဖြစ်၍ အသက်(၁၂)အထက် ကျောင်းသား/သူ (၆၈၀၇)ဦးကိုလည်း ကိုဗစ်ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပေးပြီးဖြစ်၍ (၁၂၃၄)ဦးကိုလည်း ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

မြိတ်မြို့နယ်အတွင်းရှိ ပြည်သူလူထုများအား ကိုဗစ်ရောဂါ ကာကွယ်ဆေး ထိုးပေးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ မြိတ်မြို့နယ်ရှိ ပြည်သူလူထု၏ (၅၁)ရာခိုင်နှုန်း ကျော်ကို ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီး ဖြစ်ကာ (၇၀)ရာခိုင်နှုန်းကျော်မှာ ကာကွယ်ဆေး တစ်ကြိမ် ထိုးနှံပြီးဖြစ်ကြောင်း၊  ပြည်သူလူထုများအား စဉ်ဆက်မပြတ် ကာကွယ်ဆေး ထိုးနှံ ပေးလျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများအတွက် ဂုဏ်ပြုထောက်ပံ့ငွေကို  မြိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်က ပေးအပ်ချီးမြှင့်ခဲ့ရာ ကျန်းမာရေးဝန်ထမ်းများ ကိုယ်စား ဒု-ခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ယဉ်ယဉ်နွဲ့က လက်ခံရယူခဲ့ ကြောင်း သိရသည်။

ခိုင်ထူး (မြိတ် ပြန်/ဆက်)