ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလုပ်ငန်း အရှိန်အဟုန်မြှင့် ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲကျင်းပ

မြောင်းမြ ဒီဇင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းအား အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီက မြရွှေဝါခန်းမတွင် ပြုလုပ်ခဲ့ သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးက ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ အကုန်တွင် ကာကွယ်ဆေး လွှမ်းခြုံမှု ၅၀% ရှိရေး အလေးထား ဆောင်ရွက်ရန်၊ Data  Base ရေးသွင်းမှု မှန်ကန်ရေး ဆေးထိုးကြီးကြပ် အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ပေးထားသော ဌာန ဆိုင်ရာများ၊ သက်ဆိုင်ရာရပ်/ကျေးစာရေးများ၊ ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းဆောင်ရွက် ပေးကြရန်၊ ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများအားလည်း ဆေးလာရောက် ထိုးနှံရေးစည်းရုံး ဆောင်ရွက်ရန်၊ လုပ်ငန်းဆောင်ရွက်ရာတွင် အခက်အခဲရှိက တင်ပြကြရန် ဆွေးနွေးပြောကြားခဲ့ သည်။ ၄င်းနောက် တက်ရောက်လာကြသော ကာကွယ်ဆေးထိုး လုပ်ငန်းကြီးကြပ်အဖွဲ့တွင် ပါဝင်သည့် ဌာနဆိုင်ရာများနှင့် စာရေးများက ဆေးထိုးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေ များ၊ မြေပြင်အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြသည်။

မြောင်းမြမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ၂၀၂၁ ခုနှစ် မတ်လမှစကာ ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ဦးတည်အုပ်စုများ အလိုက် ထိုးနှံပေးလျက်ရှိရာ ဆေးထိုးနှံရန် အကျုံးဝင်သူ (၁၁၀၁၃၄) ဦးရှိသည့်အနက် ယနေ့ထိ (၁၀၄၆၉၇)ဦး ထိုးနှံပြီးကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)