နေရပ်ပြန်မြန်မာသင်္ဘောသားများ ကော့သောင်းမြို့တွင် အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိ

ကော့သောင်း သြဂုတ် ၂၄

ကော့သောင်းမြို့အနီး အက်ဒမန်ပင်လယ်အတွင်း Crew Change ပြုလုပ်ရန် စင်္ကာပူနိုင်ငံမှ လာရောက်သည့် MT FORTUNE GLORY သင်္ဘောပေါ်မှ သင်္ဘောသား (၁၂) ဦး၊ နယ်သာလန်နိုင်ငံမှလာရောက်သည့်  MV UNISON MEDA သင်္ဘောပေါ်မှသင်္ဘောသား (၁၃) ဦး၊ အိန္ဒိယနိုင်ငံမှလာရောက်သည့် MT MELATI 6 ပင်လယ်ကူးသင်္ဘောပေါ်မှ သင်္ဘောသား (၂၄) ဦးနှင့် ထိုင်းနိုင်ငံမှလာရောက်သည့် MV PACIFIC ACE သင်္ဘောပေါ်မှ သင်္ဘောသား (၁၂) ဦး၊ စုစုပေါင်းသင်္ဘောသား (၆၁) ဦး Sign off ထွက်လာရာ ယမန်နေ့ညနေပိုင်းက မြို့မဆိပ်ကမ်းမှတစ်ဆင့် ကော့သောင်းမြို့သို့ဝင်ရောက်လာပြီး Hotel Quarantine ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

သင်္ဘောများပေါ်မှ Sign off ထွက်လာသည့် အဆိုပါမြန်မာသင်္ဘောသား (၆၁) ဦးမှာ  ကော့သောင်းမြို့တွင် ကြိုတင်ရောက်ရှိနေသည့် MT FORTUNE GLORY သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးအေးနိုင်ပါ သင်္ဘောသား (၁၂) ဦး ၊ MV UNISON MEDA သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးသန်းထွန်းပါ သင်္ဘောသား (၁၅) ဦး၊ MT MELATI 6 သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးရဲဝင့်ကျော်ပါ သင်္ဘောသား (၂၃) ဦးနှင့် MV PACIFIC ACE သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးအောင်မြတ်စိုးပါ သင်္ဘောသား (၁၂) ဦးတို့ဖြင့်  တာဝန်လွှဲပြောင်းယူခဲ့သူများ ဖြစ်သည်။

သင်္ဘောများပေါ်မှ Sign off ထွက်လာသည့် မြန်မာသင်္ဘောသား (၆၁) ဦးအား ဆိပ်ကမ်း၌ တာဝန်ရှိ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့နှင့် ကျန်းမာရေးဌာနမှတာဝန်ရှိသူများက လိုအပ်သည့်ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ကာ ကော့သောင်းမြို့တွင် Hotel Quarantine (၂၁) ထားရှိပြီး ၎င်းတို့၏ Swb နမူနာများအား ရန်ကုန်အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာနသို့ ပို့ဆောင်ဓာတ်ခွဲစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စိုး(ကော့သောင်း)