ပွင့်ဖြူ ဒီဇင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် တစ်ကြိမ်မျှ ကာကွယ်ဆေး မထိုးနှံရသေးသည့် ဒေသခံပြည်သူ များနှင့် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် ဒေသခံပြည်သူများကို ယမန်နေ့ နေ့လည်ပိုင်း က ဆေးထိုးစုရပ် (၄) နေရာတွင် ကျန်းမာရေးဝန်ထမ်းများက သတ်မှတ်စည်းကမ်းချက်များနှင့် အညီ စနစ်တကျ ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။
ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရေးအတွက် ဆေးထိုးစုရပ် (၄)နေရာခွဲ၍ ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၊ လယ်ကိုင်းကျေးရွာ နိဗ္ဗာန်(တ)ကျောင်း၊ ကုန်းဇောင်း ကျေးရွာတိုက်နယ်ဆေးရုံ၊ မဲဇလီကျေးရွာ၊ ကျေးလက်ကျန်းမာရေးဌာနတို့တွင် ကျန်းမာရေးဝန်ထမ်း များက သတ်မှတ်စည်းကမ်းချက်များနှင့် အညီ စနစ်တကျ ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပြီး ကာကွယ်ဆေး လာရောက်ထိုးနှံကြသူများ အဆင်ပြေစွာ ထိုးနှံနိုင်ရေးအတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း (Volunteer) အဖွဲ့ဝင်များက လိုအပ်သည် များကို ပူးပေါင်းကူညီ ဆောင်ရွက်ပေးနေကြောင်းလည်း သိရသည်။ ယနေ့ဆေးထိုးစုရပ်(၄)နေရာတွင် ကာကွယ်ဆေး လာရောက်ထိုးနှံမှုအနေဖြင့် ပထမအကြိမ် ကာကွယ်ဆေး လာရောက်ထိုးနှံသူ ဦးရေ ၂၈၆၄ ဦးနှင့် ဒုတိယအကြိမ် ကာကွယ်ဆေး လာရောက်ထိုးနှံ သူဦးရေ ၆၆၀ ဦးရှိကြောင်း သိရပြီး သတ်မှတ်ဆေးထိုးစုရပ်နေရာများသို့ မလာရောက်နိုင်သည့် ဒေသခံပြည်သူများအား ကျေးရွာများ အရောက် Mobile စနစ်ဖြင့် ကိုဗစ်ကာကွယ်ဆေး သွားရောက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါကင်းဝေးစေရန်နှင့် ရောဂါကူးစက် ပြန့်ပွားမှုလျော့နည်း ပပျောက်စေရေးအတွက် ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသူများအား သတ်မှတ်ဆေး ထိုးစုရပ်များတွင် မဖြစ်မနေ ကာကွယ်ဆေး သွားရောက်ထိုးနှံနိုင်ရေးအတွက် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က အသံချဲ့စက်ဖြင့် နေ့စဉ် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်ထံမှ သိရသည်။
ခင်ဝါဝါလှိုင် (ပြန်/ဆက်)