သံတောင်ကြီးမြို့တွင် ယမန်နေ့ည မိုးအဆက်မပြတ်သည်းထန်စွာရွာသွန်း၍ မြေပြိုမှုဖြစ်ပွား

သံတောင်ကြီး  သြဂုတ် ၂၄

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် သြဂုတ်လ (၂၂) ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်မှစ၍ မိုးအဆက်မပြတ်သည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့်  သံတောင်ကြီးမြို့ အမှတ် (၃) ရပ်ကွက်တွင် မြေပြိုမှုများ ဖြစ်ပွားခဲ့သည်။

ထိုသို့ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လိုသူ့ဂူလမ်းနဘေးရှိ(၈)ပေပတ်လည်အရွယ်အစား ကျောက်တုံးကြီးတစ်လုံးလမ်းပေါ်သို့လိမ့်ကျခဲ့ရာ ကွန်ကရစ်လမ်း အလျား (၁၀) ပေ၊ အနံ (၃) ပေခန့် မြေပြိုသွားသဖြင့် ဦးစောဟေသတြို နေအိမ်မီးဖိုဆောင် (၁၀) ပေပတ်လည်နှင့် နော်အေးရီးယာ၏ နေအိမ်မီးဖိုဆောင် (၁၅) ပေပတ်လည်ခန့်မြေစာပိ၍ ပျက်စီးသွားခဲ့သည်။

အဆိုပါ မြေပြိုသည့်နေရာသို့ ယနေ့နံနက်ပိုင်းမှစ၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဟန်ထူးဇန်နှင့်ဝန်ထမ်းများ၊ မြိုနယ်ရဲမှူးဦးအောင်ဝင်းစိန်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးဝင်းကိုဦးနှင့် တပ်မတော်သားများ၊ ဒေသခံပြည်သူများပူးပေါင်း၍ မြေစာများကို ဝိုင်းဝန်းဖယ်ရှားရှင်းလင်းပေးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ လူတိရိစ္ဆာန်ထိခိုက်မှုမရှိဘဲ လူနေအိမ်မီးဖိုဆောင်နှစ်လုံးပျက်စီးသွားခဲ့ဖြင့် ပျက်စီးဆုံးရှုံးမှုခန့်မှန်းတန်ဖိုးငွေ (၁၇၀၀၀၀၀) ကျပ်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)